တရုတ်နိုင်ငံ၌ ဒစ်ဂျစ်တယ်ငွေကြေးစနစ် ပထမဆုံးအကြိမ် စမ်းသပ်သုံးစွဲ

14-Oct-2020

ပေကျင်း အောက်တိုဘာ ၁၃

 

တရုတ်နိုင်ငံ ကွမ်ဒေါင်းပြည်နယ်၌ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် ပြည်သူ များအကြား ပထမဆုံးအကြိမ် စမ်းသပ်သုံးစွဲမှု လုပ်ဆောင်ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။

တရုတ်ပြည်သူ့ဘဏ်နှင့် ရှန်ကျန်းမြို့ အာဏာပိုင်များက အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် ပြည်သူများအကြား စမ်းသပ်သုံးစွဲမှုကို ယမန်နေ့ တွင် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့၏ ကနဦးစမ်းသပ်မှုတွင် ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်ထားသော ပြည်သူငါးသောင်းခန့်အား ယွမ် ၂၀၀ (ကန်ဒေါ်လာ ၃၀ နီးပါး) တန်ဖိုးရှိသော ဒစ်ဂျစ်တယ်ငွေကြေးကို စမ်းသပ်သုံးစွဲနိုင်ရန် ပေးအပ် ခဲ့သည်။ ရွေးချယ်ခြင်းခံရသော ပြည်သူများက ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဆိုင်ရာ အက်ပလီကေးရှင်းကို ၎င်းတို့၏ စမတ်ဖုန်းများတွင် ဒေါင်းလုဒ်ဆွဲကာ ဒစ်ဂျစ်တယ်ငွေကို လက်ခံရယူရမည်ဖြစ်သည်။

အဆိုပါဒစ်ဂျစ်တယ်ငွေကို မြို့အတွင်းရှိ သတ်မှတ်ထားသော နေရာများ၌ အောက်တိုဘာ ၁၈ ရက်ထိတိုင် စိတ်ကြိုက်သုံးစွဲနိုင်မည်ဖြစ်သည်။ “ဒစ်ဂျစ်တယ် ငွေကြေးစနစ်သုံးစွဲရတာ အလွန်အဆင်ပြေပါတယ်။ ပြီးတော့ လုံခြုံဘေးကင်းမှု လည်း ရှိတယ်” ဟု ယင်းအစီအစဉ်တွင် ပါဝင်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် စမ်းသပ် သုံးစွဲခြင်းကို တရုတ်နိုင်ငံအတွင်း၌ ပထမဆုံးအကြိမ် စတင်စမ်းသပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဂျပန်ဗဟိုဘဏ်နှင့် ဥရောပဗဟိုဘဏ်များအပါအဝင် အခြား သော ဗဟိုဘဏ်များကလည်း ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် သုံးစွဲနိုင်ရန် သုတေသနများ ပြုလုပ်လျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အောင်ကျော်ကျော်