ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် မြောက်ကိုရီးယားထုတ်ပြ

15-Jan-2021

မြောက်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ စစ်ရေးပြ အခမ်းအနားတခုအတွင်း ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ ပဲထိန်းတပ်ဒုံးကျည်သစ်တခုကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အလျင်အမြန်တိုးတက်လာနေတဲ့ လက်နက်စီမံကိန်းမှာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုဖြစ်ပါတယ်။

ကင်အီဆွန်းရင်ပြင်မှာ ညပိုင်းပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားအတွင်း အဲဒီလို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ အတော်များများကို ပြသခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဒီနေ့ ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီကတော့ ဒီဒုံးကျည်ဟာ ကမ္ဘာပေါ်မှာ အင်အားအပြင်းဆုံး ဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီ စစ်ရေးပြအခမ်းအနားအတွင်း တာတိုပစ်ဒုံးကျည်အသစ်တခုကိုလည်း ပြသသွားခဲ့ပါတယ်။

ကြာသပတေးနေ့ညက လုပ်ခဲ့တဲ့ ဒီ စစ်ရေးပြအခမ်းအနားကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်ခဲ့ပြီး အာဏာရ အလုပ်သမားပါတီရဲ့ ညီလာခံအပြီးမှာကျင်းပခဲ့တာပါ။

ဒါဟာ မြောက်ကိုရီးယားနိုင်ငံအတွက်တော့ ၃ လအတွင်းမှာ ဒုတိယအကြိမ်လုပ်တဲ့ စစ်ရေးပြအခမ်းအနား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားအတွင်းမှာတော့ မြောက်ကိုရီးယား သူတို့ရဲ့ အကြီးမားဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့ပါသေးတယ်။ ဒါဟာ အမေရိကန်ရဲ့ ဒုံးကျည်ရန်ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲ ပြုလုပ်ထားပုံ ရပါတယ်။ အခုလို စစ်ရေးပြအခမ်းအနားတွေကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအရ အခက်အခဲတွေ ရှိနေပေမဲ့လည်း နျူးကလီးယားလက်နက်သစ်နဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်နိုင်တဲ့စွမ်းရည်ကို ဆက်ပြီးတော့ လုပ်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။

VOA News