အမေရိကန်ပြည်သူများအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ  အမိန့်စာတစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး

24-Jan-2021


ဝါရှင်တန်  ဇန်နဝါရီ  ၂၃ 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်သွားသည့်  စီးပွားရေးအခြေအနေများကို  ပြန်လည်ကုစားရန် ရည်ရွယ်ပြီး  ပြည်သူများအတွက်  သက်သာချောင်ချိရေး  ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အမိန့်စာတစ်ရပ်ကို ယမန်နေ့တွင် လက်မှတ်ရေးထိုး ခဲ့သည်။ 

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ရှိပြီး ပြည်သူအများအပြားသည် စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေရကြောင်း အဆိုပါအမိန့်စာတွင် ဖော်ပြထားသည်။ အဆိုပါအစီ အစဉ်တွင် ငွေကြေးထောက်ပံ့မှုများနှင့် စားနပ်ရိက္ခာများ မျှဝေပေးမှုများ ပါဝင်မည်ဖြစ်သည်။ 

အဆိုပါသက်သာချောင်ချိရေးအစီအစဉ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို သုံးစွဲသွားမည်ဖြစ်သည်။ 

ထို့ပြင် တစ်နာရီလျှင် အနည်းဆုံးလုပ်အားခကို ကန်ဒေါ်လာ ၁၅ ဒေါ်လာအထိ မြှင့်တင်ပေးရန် စီစဉ်လျက်ရှိကြောင်း သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။  အဆိုပါနှုန်းထားသည်  လက်ရှိနှုန်းထားထက် နှစ်ဆပိုမို များပြားသည်။ 
အမေရိကန်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။ 

ကိုးကား-အင်န်အိတ်ခ်ျကေ
ဘာသာပြန်-အောင်ကျော်ကျော်