အငြင်းပွားမှုကြောင့် မြေသိမ်းခံရမယ့်အရေး မြန်ပြည်သာရွာသားတွေ စိုးရိမ်

28-Nov-2020

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရဲရွာ-ကျောက်ချော (၁၆) မိုင် ကားလမ်းဘေးမှာတည်ရှိတဲ့ မြန်ပြည်သာကျေးရွာမှာ ဒေသခံအများစုဟာ လက်လုပ်လက်စားအခြေခံလူတန်းစာတွေဖြစ်ကြပြီး အများစုဟာ ပန်းရံ၊ လက်သမားစတဲ့ ကျပန်းအလုပ်တွေကိုလုပ်ကိုင်ပြီး အသက်မွေးကြတာဖြစ်ပါတယ်။  
ဒီကျေးရွာဖြစ်လာမယ့်နေရာမှာတည်ရှိတဲ့ မြေဧက (၆၅) ဧကကို တောင်သူ ဦးလှအောင်ဆိုသူထံကနေ ဒေါ်အေးအေးခိုင်က  စာရွက်စာတမ်းနဲ့ ဝယ်ယူခဲ့ပြီး မြေကွက်တွေရိုက်ရောင်းချခဲ့တာလို့  ဒေသခံတွေကပြောပါတယ်။ 
အဲဒီနောက် ဒီနေရာကို ရွာအဖြစ် စတင်တည်ထောင်ကာ ကျေးရွာမြေ အဖြစ် ချထားပေးဖို့ (၂၀၁၅) ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြည်ထဲရေး ဝန်ကြီဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးကို စတင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 
အဲဒီလို စာတင်ခဲ့ပေမယ့် (၂၀၁၆) ခုနှစ် ဇန်နဝါရီမှာ  နိုင်ငံတော်ပိုင် မြေတွေကို ခွင့်ပြုချက်မရှိ နေထိုင်တယ်ဆိုပြီး  နေအိမ် (၁၅၇) လုံးကို ဇန်နဝါရီလ (၂၀) ရက်  ဖယ်ရှားပေးဖို့ သက်ဆိုင်ရာကအကြောင်းကြားလာခဲ့ပါတယ်။ 
၂၀၁၆ ခုနှစ် မတ်လ (၂၃) ရက်မှာတော့  စစ်တပ်အပါအဝင် လုံခြုံရေး အင်အား (၃၀၀) ခန့်က လက်နက်အင်အားတွေနဲ့ ရွာရှိ အိမ်ခြံစည်းရိုးတွေကို ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်စီးခဲ့တယ်လို့  ကျေးရွာရှိ သုခမင်္ဂလာ ကျောင်းတိုက် ဆရာတော် ဦးဣဠသာရက မိန့်ကြားပါတယ်။ 
ဒီလို ပြဿနာတွေ ရှိနေပေမယ့် ရွာသားများက ကျေးရွာမီးလင်းရေးအတွက် ကိုယ်ထူကိုယ် ထရန်စဖော်မာ ဝယ်ယူကာ လျှပ်စစ်မီးရရှိရန် မန္တလေးလျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်းသို့ လျှောက်ထားခဲ့ရာ (၂၀၁၈) ခုနှစ် ဇွန်လ(၅) ရက်မှာ ခွင့်ပြုကြောင်း စာကို ကျေးရွာမီးလင်းရေးကော်မတီက လက်ခံရရှိခဲ့ပါတယ်။ 
ဒါပေမဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၈) ရက်မှာတော့ အဒီ ဓာတ်အားလိုင်းတွေ သွယ်တန်းခြင်းနဲ့ ဓာတ်အားပေးခြင်းဟာ တရားမဝင်တဲ့အတွက်ကြောင့်  ဓါတ်ကြိုးတွေကို ဖြုတ်သိမ်းဖို့ ပြင်ဦးလွင်မြို့ ခရိုင် လျှပ်စစ်မန်နေဂျာက ကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ထံအကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။  
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းမှာတော့ မြန်ပြည်သာရွာဘေးမှာရှိတဲ့ ကျွဲနဖား ကြိုးဝိုင်းအတွင်း တောင်သူနေအိမ်တွေကို  အမှတ် (၁၂၁) ထောက်ပံ့နဲ့ ပို့ဆောင်ရေး တပ်ရင်း နို့စား နွားမွေးမြူရေး စီမံကိန်း ဧရိယာဆိုပြီး  ခြံစည်းရိုးခတ်တဲ့အတွက် အိမ်ပိုင်ရှင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ 

လက်ရှိမှာ  မြန်ပြည်သာ ကျေးရွာကိုပါ ဘူဒိုဇာနဲ့ ထိုးပြီး သိမ်းယူမည်ဟူသော ကောလာဟလ တွေလည်း ထွက်ပေါ်နေတာကြောင့် ရွာသားများသည် ရွာလုံခြုံရေးအတွက် စိုးရိမ်ပြီး ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ ညအိပ်စောင့်နေကြတာ နှစ်ညတိုင်ရှိနေပြီဖြစ်ပါတယ်။ 

ဘီဘီစီမြန်မာပိုင်း