ပုဂံ ဘုရားသုံးဆူတွင် ကိုရီးယားအဖွဲ့နှင့် ပုဂံဌာနခွဲတို့ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်

14-Nov-2020

ညောင်ဦး နိုဝင်ဘာ  ၁၃

ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဘုရားသုံးဆူ၌ ပြုပြင် ထိန်းသိမ်းခြင်း  လုပ်ငန်းများကို  ကိုရီးယားသမ္မတ နိုင်ငံ  Korea  Cultural  Heritage  Foundation (KCHF)မှ တာဝန်ရှိသူ မစ္စတာကင်ဒုံမင်း ဦးဆောင် သောအဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ   ပူးပေါင်းအဖွဲ့များ ဖြစ်သည့်  အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ တူးဖော်ရေးလုပ်ငန်းအဖွဲ့နှင့် နံရံဆေးရေးပန်းချီပိုင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့က ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းခွင်ကို ပုဂံဌာနခွဲတာဝန်ခံ  ညွှန်ကြား ရေးမှူး ဒေါက်တာသန်းထိုက် ဦးဆောင်သောအဖွဲ့က နိုဝင်ဘာ ၁၂ ရက်က  ကြည့်ရှုစစ်ဆေးခဲ့သည်။

ကိုရီးယားပညာရှင်အဖွဲ့နှင့်အတူ  ရှေးဟောင်း သုတေသနနှင့်   အမျိုးသားပြတိုက်ဦးစီးဌာန  (ပုဂံ ဌာနခွဲ)မှ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများဖြစ်သည့် ဘုရားအမှတ်(၄၇၈)၏ ကွမ်းတောင်အထက်ပိုင်း ပျက်စီးနေမှုများကို မှတ် တမ်းများရယူခြင်းနှင့် ပုံဆွဲခြင်း၊ ဘုရားအမှတ်(၄၇၇)အနီးရှိ သစ်ပင်အမြစ်က ဘုရား၏ အရှေ့ဘက်ရင်ပြင် ကြမ်းခင်းအောက်သို့ ဝင်ရောက်နေမှုကို သစ်မြစ် ဖြတ်တောက်နိုင်ရေးအတွက်  ကြမ်းခင်းများ  စနစ် တကျ   ဖယ်ထုတ်ခြင်းနှင့်    ဘုရားအမှတ်(၄၇၉)၏ ကွမ်းတောင်ပိုင်းတွင် အင်္ဂတေကြံ့ခိုင်မှုဆောင်ရွက်  ခြင်း  အခြေအနေ  စသည်တို့ကို  ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)