မြေပုံနဲ့ အမ်းမှာ အရပ်သား တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

14-Nov-2020

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန် - စစ်တွေ ကားလမ်းမှာ လမ်းထိန်းသိမ်းပြုပြင်ရေး ဆောင်ရွက်နေတဲ့ အလုပ်သမားတစ်ဦး မနေ့က ညနေ ၃ နာရီလောက်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီးကို ထုကြည့်ရာကနေ ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် ကိုမောင်သန်းအောင် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူက အသက် ၃၃ နှစ်အရွယ် ဦးမြင့်သိန်းနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ဦးမြင့်စိုး ဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ ကဇူးကိုင်း-ယောချောင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၂၁၇ နဲ့ ၂၁၈ ကီလိုမီတာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ကိုမောင်သန်းအောင်ဟာ လမ်းနဲ့မလှမ်းမကမ်းက ပြိုပျက်နေတဲ့ တဲဟောင်းတစ်လုံးကနေ ကောက်ယူလာတဲ့ RPG ဗုံးသီးကို ဓားနဲ့ခြစ်ကြည့်ရာမှာ အခြား အလုပ်သမားတစ်ဦးက ပေါက်ကွဲတတ်လို့ မလုပ်ဖို့တားမြစ်ခဲ့သလို ဓားကိုလည်း အဝေးကို လွှင့်ပစ်ခဲ့ကြောင်း၊ ဒါပေမယ့် သူဟာ ခြစ်မယ့်ဓားမရှိလို့ တစ်စုံတစ်ခုနဲ့ ထုကြည့်ခဲ့ပုံရကြောင်း လမ်းဦးစီးဌာနက လမ်းပိုင်းတာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်ဝင်းက RFA ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာသူတွေထဲက အသက် ၃ နှစ်အရွယ် မောင်ဦးမြင့်စိုးဟာ သူ့ရဲ့မိခင်နဲ့အတူ အလုပ်သမား ဦးမြင့်သိန်းကို ထမင်းပို့ဖို့ ရောက်ရှိနေရာကနေ ပေါက်ကွဲမှုဖြစ်တဲ့ နေရာအနီးမှာရှိနေလို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီနေရာမှာ ပြီးခဲ့တဲ့နှစ်က ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတာကြောင့် အဲဒီအချိန်က မပေါက်ကွဲသေးဘဲကျန်နေခဲ့တဲ့ ဗုံးသီးဟောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

သေဆုံး ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ မြေပုံမြို့နယ် လီသွန်ကျေးရွာကဖြစ်ပြီး လမ်းဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းဝန်ထမ်းတွေဖြစ်တယ်လို့ လမ်းပိုင်းတာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်ဝင်းက ဆိုပါတယ်။

မနေ့က မိုးချုပ်သွားလို့ ဒဏ်ရာရသူတွေကို ဆေးရုံချက်ချင်းမပို့နိုင်ခဲ့တာကြောင့် အမှတ်-၆၆ တပ်မတော် တာဝန်ရှိသူတွေက တပ်မတော်စခန်းထဲမှာ ဆေးဝါးကုသပေးခဲ့ပြီး ဒီနေ့မနက်မှာ တပ်မတော်ရဲ့ အကူအညီနဲ့ အမ်းဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အလားတူ မနေ့က မနက် ၈ နာရီလောက်မှာလည်း အမ်းမြို့နယ် နတ်မော်ကျေးရွာက အသက် ၇၂ နှစ်အရွယ် ဦးဖေဝင်းဟာ ရွာအနီး သူ့ရဲ့ သီဟိုစိုက်ခင်းနားမှာ မိုင်းနင်းမိလို့ ခြောက်ထောက်နဲ့ လက်တစ်ဖက် ပြတ်ထွက်သွားတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

အမ်းမြို့ကို သွားရောက်ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတာကြောင့် အလယ်ကျွန်းရွာဘက်မှာ တပ်စွဲထားတဲ့ တပ်မတော်က အရေးပေါ် ဆေးဝါးကုသမှုတွေပေးခဲ့တယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ် ဒလက်ချောင်းထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး မနေ့က နင်းမိတဲ့မိုင်းဟာ ဘယ်သူ့လက်ချက်လဲဆိုတာကို မသိနိုင်ဘူးလို့ အဲဒီကျေးရွာသားက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) အထိ စစ်ရေးကာလအတွင်း သေဆုံးသူ ၃၀၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၉၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

Crd RFA