မဟီရာနဒီမြစ်ကမ်းနံဘေးက ပါဒခြေတော်ရာဆီသို့

30-Nov-2021

သတင်းဆောင်းပါး - ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)

 

ယခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ရောက်ခဲ့ပြန်ပါတယ်။မြောက်ဦးဆရာတော်ကြီး အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒရဲ့သက်တော် (၆၀) ပြည့် အထိမ်းအမှတ် အလှူများစွာအနက်က တစ်ခုဖြစ်တဲ့စက္ခုဒါနအလှူတော်ကို ဆရာတော်ကြီးရဲ့ဇာတိ မအီမြို့မှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ကြိုတင်စီစဉ်ဖို့ သွားခဲ့တာဖြစ်ပါတယ်။

 

မအီကိုသွားတဲ့အခါ ရန်ကုန်ကနေ ကျောက်ဖြူ ဒါမှမဟုတ် သံတွဲကတစ်ဆင့် လေယာဉ်နဲ့သွားလို့ရပါတယ်။ ပြည် - တောင်ကုတ်လမ်းကနေကားနဲ့လည်း သွားလို့ရပါတယ်။

 

ကျွန်မတို့ကို ကျောက်ဖြူက တစ်ဆင့်သွားဖို့ ဆရာတော်ကြီးက စီစဉ်ပေးထားတာကြောင့် ကျောက်ဖြူမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ပေါ်တော်မူကံ့ကော်တောဘုရား၊ ကျောက်တလုံးဘုရားတို့ကို ထပ်မံဖူးမြော်ခွင့်ရခဲ့ပါတယ်။

 

ထပ်မံလို့ ဆိုရတာကတော့ မနှစ်က ဒီလိုအချိန်မှာ ကျောက်ဖြူမြို့ကိုမျက်စိအလှူပြုလုပ်ဖို့ရောက်ခဲ့ကြပြီး ဘုရားစုံဖူးမြော်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ကျောက်ဖြူလေဆိပ်ရောက်တော့ ဆရာတော်ရဲ့ဒကာရင်းဖြစ်တဲ့ ကိုစောထွန်း(ကြံတိုင်းအောင်)က လာရောက်ကြိုဆိုခဲ့ပါတယ်။ ဘုရားတွေဖူးမြော်ပြီး နောက်မှာ ညနေစာကို ဆည်းဆာစားသောက်ဆိုင်မှာ ပင်လယ်စာကောင်းကောင်းတွေနဲ့ ဧည့်ခံကျွေးမွေးတဲ့ ကိုစောထွန်း၊ မငယ်တို့ကို ဒီနေရာကနေ ကျေးဇူးစကားဆိုချင်ပါတယ်။

 

ပိုပြီးကံကောင်းတာကတော့ ည ၇ နာရီမှာ မြောက်ဦးဆရာတော်ကြီးတရားချီးမြှင့်ပေးတဲ့ ဦးအောင်ဗလနဲ့ ဒေါ်အေးအေးသိန်းတို့ရဲ့ ရှင်ပြုအလှူရေစက်ချတရားပွဲနဲ့ ကြုံကြိုက်နေတာကြောင့် ကြည်ညို နာယူခွင့်ရခဲ့ပါသေးတယ်။

 

ပဲလေ့စ်ဟိုတယ်မှာ ညအိပ်တည်းခိုပြီး နိုဝင်ဘာ ၂၆ ရက်နေ့ မနက်၅ နာရီမှာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန့်ဇင်ဦး မိသားစုက ဆရာတော်ကြီးကို အရုဏ်ဆွမ်းကပ်လှူတာကြောင့် ကျွန်မတို့အဖွဲ့လည်း နံနက်စာမုန့်ဟင်းခါးနဲ့ ထမင်းဟင်း၊ ကောက်ညှင်းပေါင်း၊ ငါးကြော်၊ အသီးစုံ၊ ကော်ဖီအချိုပွဲတွေနဲ့ ဧည့်ခံတာကို ဝင်စားပြီး မနက် ၆ နာရီမှာ မအီမြို့ကိုခရီးဆက်ခဲ့ကြပါတယ်။

 

မအီခြေတော်ရာသမိုင်း 

 

ကျောက်ဖြူ-မအီကားလမ်းခရီးက ၇၅ မိုင်ရှိပြီး ကားကောင်းရင်နှစ်နာရီကြာပဲ မောင်းရပါတယ်။ တကယ်တော့ မအီမြို့လေးကို ကျွန်မသွားဖို့စီစဉ်နေတာ လေးနှစ်လောက်ရှိပါပြီ။ ၂၀၁၄ ခုနှစ် ဩဂုတ်လက မင်္ဂလာဒုံပုလဲမြို့သစ်မှာတည်ရှိတဲ့ မြောက်ဦးတရားစခန်းမှာ ကျွန်မ တရားစခန်းဝင်နေတဲ့ အချိန်က မြောက်ဦးဆရာတော်ကြီး မအီခြေတော်ရာသွားရာလမ်းကို စတင်ပြုပြင်ဖောက်လုပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပထမမူလ မင်္ဂလသုခဆရာတော်ကြီး ရေးသားပြုစုခဲ့တဲ့ မအီခြေတော်ရာသမိုင်းကို ကျွန်မဖတ်မိပြီးနောက်မှာ မအီခြေတော်ရာကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ပြီး ခရီးသွား ဆောင်းပါးလေးရေးချင်တဲ့ဆန္ဒ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ထုံးစံအတိုင်း ကိစ္စမြားမြောင် လူတို့ဘောင်မှာ ကျင်လည်ရင်း ခြေတော်ရာဆီ ဖူးမြော်ဖို့အချိန်မကျခဲ့သလို စာလည်းမရေး ဖြစ်ခဲ့ပါဘူး။

 

အခုမှပဲ အကြောင်းတိုက်ဆိုင်၊ အချိန်ကျရောက်ပြီဖြစ်လို့ သားရွှေအိုးထမ်းဆိုသလို ခြေတော်ရာလည်း ဖူးရပြီ။ ကျွန်မတို့ရဲ့ပညာနဲ့ မအီဒေသမှာရှိတဲ့ ပြည်သူတွေကို မျက်စိအလင်းလည်း ပေးရတော့မှာဖြစ်ပါတယ်။

 

ကျွန်မတို့ရဲ့ မအီခရီးစဉ်အတွင်း မြောက်ဦးဆရာတော်ကြီးကိုယ်တိုင်လိုက်ပါပြီး ခြေတော်ရာဆီ သွားခဲ့ကြပါတယ်။

 

ခြေတော်ရာနှစ်ဆူဟာ စနဲကျေးရွာမှာတည်ရှိပြီး မအီကနေ စနဲကျေးရွာကိုခုနစ်မိုင်၊ စနဲကျေးရွာကနေ စက်တော်ရာကို ၉ မိုင် ၄ ဖာလုံ ကွာဝေးပါတယ်။ စက်တော်ရာကိုရောက်ဖို့ စမ်းချောင်းငယ်ကိုးခုကို ဖြတ်ကျော်ခဲ့ရတယ်။လမ်းတစ်လျှောက်မှာ သစ်ပင်တောအုပ်တွေ အထပ်ထပ်၊ တောင်စွယ်တောင်ကွေ့တွေ အရပ်ရပ်ကို ဖြတ်ကျော်ခဲ့ပါတယ်။

 

လူသွားလူလာ ကင်းရှင်းလှပြီး ဟိုယခင်ကဆို ကျားတွေ၊ ဆင်အုပ်တွေ၊တောကောင်တွေရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဝက်ဝံတွေပဲ တွေ့မြင်ရတတ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

 

မအီစက်တော်ရာနှစ်ဆူဟာ မဟီရာနဒီလို့ခေါ်တဲ့ မအီချောင်းမှာတည်ရှိပါတယ်။ ခြေတော်ရာကို ဦးစွာရှာဖွေခဲ့သူကတော့ မင်္ဂလသုခဆရာတော်ဦးအရိယဝံသနဲ့ အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးကေလာသ၊ ဦးဘသန်း၊မောင်စောသာ၊ မောင်ညီချစ်၊ မောင်ဘအေးတို့ ဖြစ်ကြပါတယ်။

 

ခြေတော်ရာအစစ်ကို ဖူးမြော်ကြည်ညိုနိုင် 

 

၁၃၂၉ ခုနှစ် တပေါင်းလဆုတ် ၁၀ ရက်နေ့ (၂၃. ၃. ၁၉၆၈ ရက်နေ့)မှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ ပဋ္ဌာန်းဆက်ရှိသူမြောက်ဦးဆရာတော်ကြီးရဲ့ ဦးဆောင်လှူဒါန်းမှုနဲ့ ကားလမ်းဖောက်လုပ်ခဲ့ကြ လို့လည်း မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာအစစ်ကို ဖူးမြော်ကြည်ညိုနိုင်ကြပြီဖြစ်ပါတယ်။

 

သမိုင်းကြောင်းလာ စာများအရ ကမ္ဘာပေါ်မှာ ခြေတော်ရာပေါင်း ၁၂ ဆူ ရှိတဲ့အနက်မှာ ၁၁ ဆူဟာ လက်ဝဲပါဒ ခြေတော်ရာတွေဖြစ်ကြပြီး မအီမြစ် အတွင်း မဏိသေလကျောက်ဆောင်ပေါ်မှာရှိတဲ့ ခြေတော်ရာ တစ်ဆူသာလျှင်လက်ယာခြေတော်ရာဖြစ်ပါတယ်။

 

အဲဒီ လက်ဝဲခြေတော်ရာ ၁၁ ဆူ တည်ရှိရာ နေရာတွေကတော့အိန္ဒိယနိုင်ငံ နဘဒ္ဒါမြစ်မှာတစ်ဆူ၊ သစ္စဗန္ဓတောင်ပေါ်မှာတစ်ဆူ၊ ဥဒယာနတိုင်းမှာ တစ်ဆူ၊ ပါတလိပုတ်မြို့မှာတစ်ဆူ၊ သီဟိုဠ်ကျွန်း သူမနကုဋ တောင်ထိပ်မှာ တစ်ဆူ၊ ရခိုင်ပြည်နယ် မယူကမ်း မုံစည်(မိုးစည်)ကျွန်းမှာ တစ်ဆူ၊ စစ်တွေမြို့ ဖရုံကာကျွန်းစု မြေငိုကျွန်းမှာ တစ်ဆူနဲ့ အများပြည်သူ တွေသိရှိပြီး အရောက်အပေါက်များလှတဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မန်းချောင်းပေါ်မှာရှိတဲ့ အထက်၊ အောက်ခြေတော်ရာ နှစ်ဆူ၊ “ဝ” ဒေသလွိုင်မူတောင်မှာ တစ်ဆူနဲ့ ဤမအီမြစ်အတွင်းမှာရှိတဲ့ အထက်၊ အောက် ဝဲ၊ ယာနှစ်ဆူတို့ပဲ ဖြစ်ကြပါတယ်။

 

 ဇမ္ဗူမှာ ဒွေး၊ ယာမှာ ဧက ဆိုရိုးစကားအရ ဇမ္ဗူဒိပ်ကျွန်းမှာ လက်ဝဲ၊ လက်ယာခြေတော်ရာရယ်လို့ရှိရာမှာ လက်ယာခြေတော်ရာကတော့ တစ်ဆူသာရှိရမယ်လို့ ဆိုလိုပါတယ်။

 

ဗျာဒိတ်တော်ပေး

 

မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လဆန်း ၁၄ ရက် အင်္ဂါနေ့မှာ ဘုရင်စန္ဒသူရိယရဲ့ အဓိဋ္ဌာန်ပြု ပင့်လျှောက်ထားချက်ကြောင့် ကျောက်တော်တောင်မှတစ်ဆင့် ဓညဝတီတိုင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

 

“မအီ၊ အမ်း၊ မန်း” မြစ်သုံးစင်း စတင်စီးဆင်းရာ တြိနဒီတောင်လို့အမည်တွင်တဲ့ “မြင်းမတိန်တောင်”ကို ဘုရားရှင်ရောက်တော်မူခဲ့စဉ်က လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၏ လျှောက်ထားတောင်းပန်မှုကြောင့် နုစဉ်ဘဝအကြောင်းများကို ဟောကြားတော်မူခဲ့ပြီး နောင်အခါဝယ် ဤတောင်ခြေရင်း မအီမြစ်ကမ်း နံဘေးဝယ် မဟီ(မအီ)ခေါ်တွင်သော မြို့ငယ်တစ်ခုတည်ရှိလာပြီး ဤဒေသ၌ ဘုရားရှင်၏ ဓာတ်တော်မွေတော်များ ကိန်းဝပ်မည်ဖြစ်ကြောင်း ဗျာဒိတ်တော်ပေးခဲ့ပါတယ်။

 

ဘုရားရှင်ဟာ မဟီရာနဒီအရပ်မှာ “မဟာဝိဟီက” မည်သော ဆင်မင်းအဖြစ် တစ်ကြိမ်၊ “မဏိသေလ” မည်သော ရေနတ်နဂါးမင်းအဖြစ် တစ်ကြိမ်ဤအရပ်၌ ကျင်လည်ခဲ့ဖူးပါတယ်။ ဆင်မင်းဖြစ်စဉ်  “စူဠဝိဟိက” ညီဆင်ငယ်ဖြစ်ခဲ့တဲ့ မုဆိုးကြီးဦးစံလှကို အကြောင်းပြုပြီး တရားပြဆုံးမခဲ့ရာ ဒေသဖြစ်သော နာဠာဂီရိတောင်ရှိ တြိသေလမည်သော “ဆင့်တင်”ကျောက်ဆောင်ပေါ်မှာလက်ယာပါဒခြေတော်ရာကို ချပေးတော်မူခဲ့ပါတယ်။

 

မဏိသေလ နဂါးမင်းဖြစ်တော်မူခဲ့တဲ့ မဏိသေလရေအိုင်ကြီးအတွင်းရှိမဏိသေလ ကျောက်ဆောင်ပေါ်မှာ လက်ယာပါဒခြေတော်ရာကို ချပေးတော်မူခဲ့ပါတယ်။

 

တပေါင်း၊ တန်ခူး၊ ကဆုန်လပြည့်ညတွေမှာ ခြေတော်ရာ တည်ရှိရာ နေရာဒေသမှ ရောင်ခြည်တော်တွေ ကွန့်မြူးတာကို ငါးမိုင်အကွာ တောင်ပေါ်ယာတဲများမှ ဖူးတွေ့နိုင်ကြတယ်လို့ဆိုပါတယ်။ လူခြေတိတ်ဆိတ်တဲ့ အခါကြီးနေ့ကြီး လပြည့်ညတွေမှာ ဂဠုန်၊ နဂါး၊ သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါလို့ ယူဆရတဲ့ ရောင်ဝါထွန်းလင်းတဲ့ပုဂ္ဂိုလ်တွေကို မြင်တွေ့ရတတ်တယ်လို့လည်းဆိုပါတယ်။

 

ခြေတော်ရာက ရွှေအဆင်းနဲ့ ရောင်ခြည်တော်ကွန့်မြူးတာကို မြင်တွေ့ခဲ့ကြတဲ့ လောဘသားတချို့က မိုက်မဲစွာ တူးဖော်ခဲ့ကြတာကြောင့် အထက်ခြေတော်ရာမှာ အနည်းငယ်ထိခိုက်ခဲ့ရလို့ ပြန်လည်ပြုပြင်ခဲ့ရကြောင်း ကြားသိ ခဲ့ရတော့ မပျက်မစီးအောင် ဆက်လက်စောင့်ရှောက်ဖို့ အရေးကြီးလှတယ်လို့ တွေးမိပါတယ်။ ဆရာတော်ကြီးတစ်ပါးတည်းရဲ့အားနဲ့ လမ်းကအစ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း ကူညီပေးကြဖို့ အထူးလိုအပ်လှပါတယ်။

 

ခြေတော်ရာနှစ်ဆူရဲ့အတိုင်းအတာများကတော့ အလျား ၃ ပေ ၄ လက်မ၊ အနံ ၁ ပေ ၄ လက်မ၊ အနက် ၃ လက်မစီ အသီးသီးရှိကြပါတယ်။

 

မြင်းမတိန်တောင်ဟာ ပေ ၆၀ဝ ကျော်ခန့်မြင့်တယ်လို့ဆိုပါတယ်။ အတန်ငယ် မတ်စောက်တာကြောင့် မြင်းတောင် မတက်နိုင်တဲ့တောင်လို့ဆရာတော်က မိန့်ပါတယ်။

 

အပြေးကလေးတက်ခဲ့ကြ 

 

မအီချောင်းဘေးကိုရောက်တော့ မနက် ၈ နာရီခွဲပါပြီ။ ဆရာတော်ကြီးက အောက်ခြေတော်ရာက စောင့်နေမယ်၊ ကျွန်မတို့က အထက်ခြေတော်ရာဆီ ဖူးကြမယ်၊ ဆွမ်းစားချိန်အမီပြန်လာရမယ်လို့ ဆရာတော်ကြီးက မိန့်တော့ ကျွန်မတို့ အပြေးကလေး စတက်ခဲ့ကြတယ်။

 

ကျွန်မနဲ့အတူ ဦးမောင်မောင်ရယ်၊ ဦးအောင်မျိုးမင်းနဲ့ ဒေါ်စန်းစန်းမြင့်ရယ်၊ ဦးမျိုးသိမ်း(MCM)တို့ လိုက်ပါလာကြတယ်။ လိုက်ပို့တဲ့ ကလေးတွေက သိပ်မမြင့်လှပါဘူး၊ ၁၅မိနစ်လောက်ပါပဲ၊ ဝါးတောင်ဝှေးနဲ့ ထောက်တက်ပါ၊ မောရင်နားနားပြီး တက်ပါလို့ အားပေးကြတော့ ဆယ်ကျော်သက်တွေနဲ့အပြိုင်ကျွန်မ တက်ခဲ့တာပေါ့။

 

တသွင်သွင်စီးနေတဲ့ ချောင်းကလေးကိုဖြတ်ရတယ်၊ သစ်သားတံတားက ယာယီသဘောမို့ သတိထားဖြတ်ရတယ်၊ ရေကကြည်လင်နေတော့ ကျောက်စရစ်ခဲလေးတွေကို အတိုင်းသားမြင်နေရတယ်၊ ဖိနပ်ချွတ်ပြီးတက်မှအဆင်ပြေမယ်၊ ဝါးတောင်ဝှေးကို အားပြုပြီးတက်ရင်း၊ တက်ရင်းအလေ့အကျင့်မရှိသူမို့ ခရီးအစမှာပဲ မောလာတယ်။ တစ်ဖက်ကလည်းဒီနေရာကို ရောက်ဖို့ မလွယ်ဘူး၊ ဆရာတော်ကြီးကျေးဇူးကြောင့်သာ ရောက်ခွင့်ရတာ၊ ကြိုးစားတက်ရမယ်ဆိုတဲ့ “အဖြစ်စိတ်”က တစ်ဖက်၊ တစ်ဖက်ကလည်း သူတို့လေးတွေက ငယ်တယ်၊ နုတယ်၊ တက်နေကျဖြစ်တယ်၊ ကိုယ်က မတုပနိုင်၊ တက်မိတာမှားပြီလားဆိုတဲ့ “အပျက်စိတ်”က တစ်ဖက်၊ စိတ်နှစ်ခုလွန်ဆွဲရင်း တရွေ့ရွေ့တက်ခဲ့မိတယ်။ အပေါ်နားရောက်လေ မတ်စောက်လာလေ၊ ပိုလို့မောလာလေ၊ လမ်းတစ်လျှောက်မှာဖူးပြီး ပြန်လာသူတချို့ ကိုယ့်ထက်ကြီးသူတွေကိုတွေ့ရတော့ အားတက်သွားတယ်။

 

မရောက်ရောက်အောင်ဖူးမယ်၊ အထက်ကိုမော့မကြည့်ဘူး။ ကိုယ့်ခြေဖဝါးအောက်က တစ်နေရာစာကိုပဲကြည့်ပြီး ခြေတစ်လှမ်းစာကိုပဲ အာရုံပြု ပစ္စုပ္ပန်ကိုတည့်တည့်ရှုရင်း တက်ခဲ့တယ်။ ဝါးတောင်ဝှေးလေးတွေ ကိုယ်စီကိုင်ဆောင်ပြီး မြေပြင်ကို ထောက်ကာ၊ ထောက်ကာ တက်ရင်း အတွေးတစ်ခုက ဝင်လာခဲ့တယ်။

 

သံသရာခရီးကို လျှောက်လှမ်းကြတဲ့အခါ ဒါန၊ သီလ၊ ဘာဝနာတောင်ဝှေးတွေကို စွဲမြဲစွာ ကိုင်ဆောင် ထောက်ကန်ထားနိုင်ဖို့က အရေးကြီးလှပါလားလို့ သတိကပ်မိတယ်။

 

မနက် ၉ နာရီ ၅ မိနစ်မှာ ပန်းတိုင်ကိုရောက်ပါပြီ။ နာဠာဂီရိတောင်ထိပ် လှေကားထစ်ကလေးတွေရဲ့ အဆုံးမှာ အထက်လက်ဝဲပါဒခြေတော်ရာကို ဖူးမြော်ရပါပြီ။

 

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်း သာယာလွန်းလှပါတယ်။နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာကို ဆရာတော်ကြီးတို့ရဲ့ ကျေးဇူးကြောင့် လမ်းခရီးပေါက်၊ လွယ်ကူချောမောစွာ ဖူးမြော်နိုင်ပြီမို့ ရှာဖွေတွေ့ရှိ အားထုတ်ခဲ့၊ လမ်းဖောက်ခဲ့ကြသူများကို ကျေးဇူးအထပ်ထပ်တင်ရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ကြည်ညိုနေမိပါတော့တယ်။

 

တောင်ပေါ်ကဆင်းလာခဲ့ချိန်မှာတော့ ပင်ပန်းမှုလုံးဝမရှိ ပေါ့ပါး လန်းရွှင်ကြည်လင်နေပါတယ်။ ကျေးငှက်သာရကာလေးတွေရဲ့ တေးဆိုသံ၊ မအီချောင်းရဲ့ရေစီးသံမှအပ တောမြိုင်တစ်ခွင်လုံး တိတ်ဆိတ်အေးချမ်းလို့နေပါတယ်။

 

မဏိသေလရေအိုင် 

 

မဏိသေလတောင်ပေါ်မှာတည်ရှိတဲ့ လက်ယာပါဒခြေတော်ရာကို ဖူးမြော်ကြပါတယ်။ ငါးစာတွေ ကျွေးကြတယ်၊ ကြည်လင်နေတဲ့ မဏိသေလရေအိုင်ထဲမှာ ငါးလေးတွေ ပြေးလွှားနေကြတယ်။ ဒီနေရာက ဝေးဝေးသွားရင် ဖမ်းစားခံရမှာ ကြောက်လို့ ဒီနေရာကနေ မခွာကြဘူးဆိုတဲ့ ငါးလေးတွေကိုပြောင်းဖူးမြေပဲပေါက်ပေါက်တွေ ကျွေးခဲ့တယ်။ မနက် ၉ နာရီခွဲမှာ မအီကိုပြန်ခဲ့ကြပါတယ်။

 

ဆရာတော်ကြီးကို ဆွမ်းကပ်ပြီး ကျွန်မတို့လည်း မောမောနဲ့ နေ့လယ်စာ စားကြတယ်။ ဆရာတော်ကြီးရဲ့အစ်မတော်၊ ညီမတော်နဲ့ အရီးရှေတို့ ချက်ထားတဲ့ ရခိုင်စာဟင်းတွေက စားပွဲတောင် မဆံ့အောင်ပါပဲ။ တစ်မျိုးပြီး တစ်မျိုး ကျွေးကြတယ်။ လက်ရာကကောင်း၊ စားလို့ကကောင်းနဲ့ ငါးသောက် ဆမ်း၊ ကြက်သောက်ဆမ်း၊ ငါးပိထောင်း၊ ဆင်ခရမ်းသီးချက်၊ ခရုတိုက်ဂါး၊ ပုစွန်၊ ကဏန်း၊ အမျိုးအမည်တောင်မသိ၊ မခေါ်တတ်တဲ့ဟင်းတွေနဲ့ တရှူးရှူးတရှဲရှဲစားခဲ့ရတယ်။ ကျေးဇူးတင်ပါတယ် အရီးရှေ၊ အစ်မရှေ၊ ညီမရှေတို့ရေ၊ အဖွဲ့လိုက်ပြန်လာမှ အများကြီးချက်ကျွေးကြပါဦးနော်။

 

စားပြီးတာနဲ့ မအီတိုက်နယ်ဆေးရုံကို သွားခဲ့ကြတယ်။ ဆေးရုံမှာတော့ ဆရာတော်ကြီးနဲ့ ကျွန်မတို့အလာကို တာဝန်ရှိသူတွေက စောင့်ကြိုနေကြပါတယ်။ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးနဲ့အဖွဲ့၊ တိုက်နယ်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မောင်ထွန်းနဲ့ ဆေးရုံဝန်ထမ်းများ၊ ပရဟိတအဖွဲ့တွေဖြစ်ကြတဲ့ “သဟာရက”လူမှုကူညီရေးအသင်း၊ သွေးလှူရှင် အသင်း၊ ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ မေတ္တာရှင်နာရေး ကူညီမှုအသင်းတို့နဲ့အတူ ဦးဝင်းလွင်ဦးဆောင်တဲ့ ဆရာတော်ကြီးရဲ့ ဆွေတော်မျိုးတော်တွေ အားလုံး စုံညီစွာရောက်ရှိနေကြပါတယ်။ ဦးစွာဆရာတော်ကြီးက စက္ခုဒါနအလှူနဲ့ ပတ်သက်ပြီး အဖွင့်ဩဝါဒ စကားမိန့်ကြားပါတယ်။ ဆက်လက်ပြီး ဦးအောင်မျိုးမင်းက အစီအစဉ်အသေးစိတ်ကို ဆွေးနွေးခဲ့ပြီး ဆေးရုံခွဲစိတ်ခန်းအခြေအနေနဲ့ လာရောက်ပြသမယ့် လူနာတွေ အစစအဆင်ပြေချောမွေ့အောင်မြင်ဖို့ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါတယ်။

 

ဆရာတော်ကြီးရဲ့မေတ္တာရိပ်အောက်မှာ 

 

မအီမြို့လူထုဟာ ဆရာတော်ကြီးရဲ့ အေးမြတဲ့ မေတ္တာရိပ်အောက်မှာ တစ်သားတည်းရှိနေကြပြီး စည်းလုံးကြတယ်၊ တက်ကြွလန်းဆန်းနေကြပါတယ်။ ပြင်ပလူနာကြည့်မယ့် နေရာ၊ မျက်မှန်စမ်းမယ့်နေရာ၊ သွေးစစ်မယ့် နေရာလူနာတွေကို အလှည့်စောင့်နေရင်းနဲ့ ထမင်းချိန် ထမင်း၊ မုန့်ချိန် မုန့်ကျွေးဖို့ အဘက်ဘက်က လိုအပ်တာမရှိရအောင် တာဝန်ခွဲဝေကြ၊ ညှိနှိုင်းဆွေးနွေးကြပါတယ်။

 

ညနေ ၃ နာရီမှာတော့ မအီမြို့လေးကို နှုတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်။ အပြန်ခရီးကတော့ သံတွဲကနေ လေယာဉ်သွားစီးရမှာဖြစ်လို့ တောင်ကုတ်သံတွဲမှသည် ငပလီ “ရေးဗားတော့ပ်” ဟိုတယ်မှာ တစ်ညနားခဲ့ကြပါတယ်။ ဒါကြောင့် တစ်ညအိပ်နှစ်ရက်ခရီးနဲ့ အတော်နှံ့ခဲ့ရတဲ့ ရခိုင်ခရီးလေးပါလို့ ကြွားလိုက်ချင်ပါတယ်။ တည်းခိုစားသောက်ဖို့ စီစဉ်ပေးတဲ့ ဘေဘေးရေကျေးဇူးပါ။

 

တကယ်ဆို ကျွန်မအနေနဲ့တော့ ကျွန်မရဲ့ ဆရာကြီးဒေါက်တာဦးကံညွန့်ရဲ့ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့မှန်သမျှ အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးပေမယ့် ဘယ်တော့မှ မရိုးနိုင်ခဲ့ပါဘူး။ ဒီလိုအခါမျိုးမှာ အမြဲတက်ကြွလန်းဆန်းနေတတ်တဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ချစ်လှတဲ့ ဆရာကြီးကိုသတိရမိပါတယ်။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မတို့ မျက်စိအထူးကုအဖွဲ့ဟာ မအီမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်းမြို့နယ် ကျေးရွာများမှ မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသမှုတွေပေးဖို့ ပြန်လာကြမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးရင်းနဲ့ တန်ခိုးကြီး မအီခြေတော်ရာသမိုင်းကြောင်းကို ကြည်ညိုပူဇော်နိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပါကြောင်း။ ။