ရန်ကုန်သံရုံးတွေရှေ့ ရွေးကောက်ပွဲ ဆန္ဒပြသူတွေ အဖမ်းခံရ

06-Dec-2020

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အမေရိကန် သံရုံးရှေ့တွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အလိုမရှိကြောင်း ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့သူ ၁၈ ဦးဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

ဆန္ဒပြသူတွေဟာ နိုင်ငံလေးနိုင်ငံရဲ့ သံရုံးတွေရှေ့ကို နေရာခွဲပြီး တစ်ချိန်တည်း ဆန္ဒပြခဲ့တာဖြစ်ပြီး တစ်ဖွဲ့ကို ၁၅ ယောက်ကျော်လောက် ပါဝင်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေထဲက ဦးဆောင်တယ်လို့ ယူဆရသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပြီး အလုံရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် မသိရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။

တရုတ်၊ ဂျပန်၊ အမေရိကန် သံရုံးရှေ့ ဆန္ဒပြသူတွေကို တစ်ခါတည်း ဖမ်းဆီးသွားပေမယ့် ဗြိတိန်သံရုံးရှေ့ ဆန္ဒပြသူတွေကိုတော့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မဲမသမာမှုပြုလုပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိကြောင်း၊ တရားမျှတမှုမရှိတဲ့ ကော်မရှင် အလိုမရှိကြောင်း စတဲ့ပိုစတာတွေကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံ အခြေစိုက် တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေက သံရုံးတွေရှေ့မှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲမသမာမှု ရှိခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ သူတို့က ကော်မရှင်ကို မဲမသမာမှုပြုလုပ်တယ်၊ တရားမျှတမှုမရှိဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ ဆန္ဒပြပွဲကိုတော့ ဘယ်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်တယ်ဆိုတာ မသိရပါဘူး။

ပြီးခဲ့တဲ့လကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တချို့က နေပြည်တော်နဲ့ ရန်ကုန်မှာ ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ-DVB News

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။