ဘာသာရေးကို နိုင်ငံရေးနဲ့ မရောယှက်ဘဲ အလုပ်လုပ်မယ်

20-Nov-2020

၈၈ ပြည်သူ့အရေးတော်ပုံကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး အခက်အခဲတွေကြားက နှစ် ၃၀ ကျော်ကြာ နိုင်ငံရေးလှုပ်ရှားမှုတွေ တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ အစ္စလမ်ဘာသာဝင် အမျိုးသမီးတဦး ပထမဆုံးအကြိမ် လွှတ်တော်တွင်းမှာ ခြေချနိုင်တော့မှာ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေး လှုံ့ဆော်မှုတွေကြားမှာ NLD ပါတီဟာ ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ အစ္စလမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပေမယ့် ဒီနှစ်ရွေးကောက်ပွဲမှာတော့ ဒေါ်ဝင်းမြမြအပါအဝင် မွတ်ဆလင်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ဒေါ်ဝင်းမြမြ စဉ့်ကိုင်မြို့နယ်ကနေ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ကတည်းက ပါတီဝင် ဖြစ်လာခဲ့ပြီး နိုင်ငံရေးလောကထဲ ကျင်လည်ခဲ့ပေမယ့် အတွက် သူ့ရဲ့ နိုင်ငံရေးခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။

သာမန်စီးပွားရေးသမားအဖြစ်ကနေ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သူသာမက သူ့မောင်နှမတွေပါ နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရပါတယ်။

ဒါပေမဲ့ အခက်အခဲ အတားအဆီးတွေကြားက "နိုင်ငံရေးဆိုတာ နောက်ဆုတ်လို့ မရကောင်းတဲ့ ခရီးလမ်းတခု" ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တခုနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့တဲ့ ဒေါ်ဝင်းမြမြဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အစ္စလမ်ဘာသာဝင် တဦးဖြစ်တဲ့အတွက်ကြောင့် NLD ပါတီရဲ့ က ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်မှုကို ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာဘုန်းတော်ကြီးတချို့ရဲ့ ကန့်ကွက်မှုကိုတော့ ဒေါ်ဝင်းမြမြ ခံခဲ့ရပါတယ်။

အခုတော့ စဉ့်ကိုင်မြို့ နေ ဒေသခံပြည်သူလူထုတွေရဲ့ ထောက်ခံမှုနဲ့ အသက် ၇၁ နှစ်အရွယ် ဒေါ်ဝင်းမြမြဟာ ဥပဒေပြုလွှတ်တော်အတွင်းကနေ ပြည်သူ့တာဝန်တွေကို ထမ်းရွက်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

"ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပေမယ့် အာဃာတ ထားမှာ မဟုတ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကျွန်မတို့နဲ့ ပြည်သူလူထုကတော့ နိုင်ငံရေးနည်းအရ လုပ်စရာရှိတာ လုပ်နေကြတာပဲ" လို့ ဒေါ်ဝင်းမြမြက ဘီဘီစီ မြန်မာပိုင်းကို ပြောပါတယ်။

"ဘာသာရေးနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပေးမပြောချင်ဘူး။ နိုင်ငံရေးလုပ်တာဟာလည်း ဘာသာရေးအပေါ် အခြေခံပြီး လုပ်တာ မဟုတ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နေတာကလည်း ဘာသာရေးအပေါ် အခြေခံ ရပ်တည်တာ မဟုတ်ဘူး" လို့လည်း ဒေါ်ဝင်းမြမြက အခိုင်အမာ ပြောပါတယ်။

ဒေါ်ဝင်းမြမြဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်တွင်း မဝင်ရောက်ခဲ့ပေမယ့် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့သူ ဖြစ်ပါတယ်။

နှစ်ပေါင်း သုံးဆယ်ကျော်ကြာ နိုင်ငံရေးဖြတ်သန်းမှုတွေရဲ့ အတွေ့အကြုံကောင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် တာဝန်ကို ယူဖို့ အဆင့်သင့်ဖြစ်နေပြီလို့လည်း ဒေါ်ဝင်းမြမြက ထုတ်ဖော်ပြောထားပါတယ်။

နိုင်ငံရေး ခရီးကြမ်း

ဒေါ်ဝင်းမြမြဟာ ထောင်ခဏခဏကျလည်း NLD ပါတီတာဝန်တွေကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု၊ ထောက်ခံအားပေးမှုနဲ့ နိုင်ငံရေးလောကထဲ စတင်ခြေချခဲ့တဲ့ ဒေါ်ဝင်းမြမြဟာ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကိုလည်း အကြိမ်ကြိမ် ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါ်အောင်းစုကြည်ရဲ့ နယ်လှည့် နိုင်ငံရေး စည်းရုံးရေးခရီးစဉ်တွေမှာ အနီးကပ် ပါဝင်ခဲ့သူ ဒေါ်ဝင်းမြမြဟာ ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ လက်နှစ်ဖက် ကျိုးသွားခဲ့ပြီး အကျဉ်းသားဘဝနဲ့ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာလည်း ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက်ခဲ့ပေမယ့် နိုင်ငံရေးလောကကနေ စွန့်ခွာမသွားပဲ သူနေထိုင်ရာ မန္တလေးတိုင်းအတွင်းက NLD ပါတီ တာဝန်တွေကို ထမ်းဆောင်ရင်း အခုအချိန်ထိ နိုင်ငံရေး လှုပ်ရှားမှုတွေ တစိုက်မတ်မတ် လုပ်လာခဲ့သူ ဖြစ်ပါတယ်။

ဝါရင့် အမျိုးသမီး နိုင်ငံရေးသမားတဦးရဲ့ ခြေလှမ်းသစ်

အတားအဆီးတွေ၊ အကန့်အသတ်တွေကြားက ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ဝါရင့် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြရဲ့ ခြေလှမ်းသစ် မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။

ဥပဒေပြုလွှတ်တော်အတွင်းကို ပထမဆုံးအကြိမ် ခြေချတော့မယ့် ဒေါ်ဝင်းမြမြဟာ နိုင်ငံရေးကို ဘာသာရေးနဲ့ ရောယှက်မှာ မဟုတ်ပဲ ပြည်သူ့တွေရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းရွက်သွားဖို့ ဆန္ဒရှိနေသူတဦးလည်း ဖြစ်ပါတယ်။

"လွှတ်တော်တွင်းမှာလည်း ဘာသာရေးအပေါ် အခြေခံပြီး ဥပဒေပြုမှာ မဟုတ်ဘူး။ လူထုတရပ်လုံးရဲ့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတိုးတက်ဖို့အတွက် ဥပဒေပြုမှာ။ အဲဒီလို ဥပဒေပြုတဲ့အထဲမှာလည်း ဘာသာစုံ လူမျိုးစုံ တိုင်းရင်းသားလူမျိုးစုံအတွက် အကျိုးရှိမယ့် ရလဒ်ကောင်းတွေ ပေါ်ထွန်းလာအောင် ဆောင်ရွက်ရမယ့် နေရာဖြစ်တဲ့အကြောင်းကိုတော့ ပြည်သူလူထုကို စကားပါးချင်ပါတယ်။"

မကြာမီမှာ အစိုးရသစ်ဖွဲ့စည်းပြီး လွှတ်တော်သက်တမ်း နောက်ထပ် ၅ နှစ်အတွင်းမှာ လုပ်ဆောင်သွားမယ့် သူ့ရဲ့ ရည်မှန်းချက်တွေကို အပြောနဲ့ မဟုတ်ပဲ အလုပ်နဲ့ သက်သေပြသွားမယ်လို့လည်း ဒေါ်ဝင်းမြမြက ဘီဘီစီကို ပြောပါတယ်။

"ပြည်သူ့လူထုရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး လွှတ်တော်တွင်းမှာ ကိုယ်ဖိရင်ဖိ အလုပ်လုပ်သွားမယ်။ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို အကောင်အထည် ပေါ်ထွန်းအောင် လုပ်ဖို့ပဲ ရည်ရွယ်ချက်ရှိတယ်။ ကတိကဝတ်ဆိုတာ အထွေအထူး မပေးဘူး။ လက်တွေ့ပဲ လုပ်ပေးချင်တယ်။"

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အစ္စလမ်ဘာသာဝင် ဒေါ်ဝင်းမြမြနဲ့ ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူ ဦးစည်သူမောင်တို့ နှစ်ဦးလုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံထားရပါတယ်။

Crd BBC News