မြဝတီက စီမံကိန်းကြီးတွေနဲ့ပတ်သက်သူ တရုတ်လုပ်ငန်းရှင်ပေါ် ကန်အရေးယူမှု ချမှတ်

11-Dec-2020

ကရင်ပြည်နယ်၊ မြဝတီမြို့က စီမံကိန်းကြီးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ဦးဖြစ်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်အပါအဝင် လူ ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက 14 K Triad လို့ခေါ်တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်လည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်လူထု နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ Wan Kuok Koi နဲ့ တခြားလူနှစ်ဦးတို့ကို ဒဏ်ခတ်အရေးယူလိုက်တာပါ။

Wan Kuok Koi နဲ့အတူ လိုင်ဘေးရီးယားနိုင်ငံက ထိပ်တန်းနိုင်ငံရေးသမားတဦးနဲ့ KHIR-giz တာဝန်ရှိသူဟောင်းတဦးတို့ကို ဒဏ်ခတ်အရေးယူတာဖြစ်ပြီး သူတို့ကို အမည်မည်းစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။

အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေအရ အမေရိကန်ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာအောက်မှာ ရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကုမ္ပဏီတွေကို အမေရိကန်က ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

Wan Kuok Koi က ဟာ တရားမဝင် ရာဇဝတ်မှုနဲ့ မကင်းတဲ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်းအောက်ကနေ သူ့ရဲ့ကုမ္ပဏီတွေကို အသုံးချနေတာဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ သူ့အပေါ် စွပ်စွဲချက်တွေထဲမှာ မူးယစ်ဆေးကုန်ကူးတာ၊ တရားမဝင် လောင်းကစား လုပ်ငန်းတွေ၊ တရားမဝင်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေလည်း ပါဝင်ပါတယ်။

Wan Kuok Koi ဟာ ထိုင်းနိုင်ငံနဲ့နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဆောက်လုပ်နေတဲ့ စက်မှုဇုန်ဆိုတဲ့ စီမံကိန်းတခုနဲ့ လောင်းကစားမြို့ စီမံကိန်းတခုတို့မှာ အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပါတယ်။

Wan Kuok Kio နဲ့ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ ပူးတွဲတည်ထောင်ထားတဲ့ မလေးရှားအခြေစိုက် Dongmei Group ကုမ္ပဏီက မြဝတီမှာ တည်ဆောက်နေတဲ့ Saixiagang စက်မှုဇုန်စီမံကိန်း၊ Wan Kuok Kio နဲ့အဆက်အစပ်ရှိတဲ့ Yatai Group ကုမ္ပဏီက မြဝတီမှာပဲ တည်ဆောက်နေတဲ့ ရွှေကုက္ကိုလ်ဆိုတဲ့ Yatai International City စီမံကိန်းတွေအကြောင်း အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအင်စတီကျူ (USIP) က ပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ခဲ့တဲ့ အစီရင်ခံစာတစ်ခုထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟာ တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ ခါးပတ်လမ်း (BRI) စီမံကိန်းကြီးရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ Yatai Group ကုမ္ပဏီကပြောပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဲဒါကိုငြင်းဆိုပြီး တတိယနိုင်ငံတခုရဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောထားပါတယ်။

VOA News