အမေရိကန်သမ္မတ ကျမ်းသစ္စာဆိုမည့်နေ့ အကြမ်းဖက်မှုဖြစ်နိုင်

11-Jan-2021

အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ ကျင်းပမယ့် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အထက်လွှတ်တော် Democratic ပါတီခေါင်းဆောင် Chuck Schumer က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

ရွေးကောက်ခံသမ္မတအဖြစ် Joe Biden ကိုလွှတ်တော်မှာ တရားဝင်အတည်ပြုဖို့ ဆွေးနွေးခဲ့တဲ့ နေ့တုန်းက သမ္မတ Donald Trump အပေါ်ထောက်ခံသူ ထောင်နဲ့ချီတဲ့လူအုပ်ကြီးက Capitol Hill လွှတ်တော် အဆောက်အဦးထဲ အတင်းဖျက်စီး ဝင်ရောက်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ပိုပြီးစိုးရိမ်စရာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် Schumer က သတိပေးပါတယ်။

အထက်လွှတ်တော်လူများစုခေါင်းဆောင် မကြာခင်ဖြစ်လာတော့မယ့် Mr. Schumer က သူနဲ့ FBI ညွှန်ကြားရေးမှူး Christopher Wray တို့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ အစွန်းရောက်အဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ် ကြီးမားနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser ကလည်း ဇန်နဝါရီလ ၉ ရက်နေ့စွဲနဲ့ ပြည်တွင်းလုံခြုံရေး ယာယီအကြီးအကဲ Chad Wolf ဆီကို ပေးပို့တဲ့ စာထဲမှာ ကျမ်းကျိန်ပွဲအတွက် ဝါရှင်တန်မြို့တော်ထဲမှာ လုံခြုံရေးတာဝန်ကို လက်ရှိ ၃ ရက်ကနေ သီတင်း ၂ ပတ် တိုးယူပေးဖို့ ပန်ကြားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့က စပြီး ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လုံခြုံရေးယူပေးပါလို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

VOA News