ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းများအား ဇန်နဝါရီ ၂၁ ရက်မှစ၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည်

21-Jan-2021

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းများအား ဇန်နဝါရီ ၂၁ ရက်မှစ၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် အများပြည်သူ စုဝေး တတ်သော နေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံများနှင့် အားကစားကွင်းများအား မူလက ဇန်နဝါရီ ၂၀ ရက် အထိ ပိတ်ထားခဲ့ရာမှ ယခုအခါတွင် ပြည်သူများ အနားယူအပန်းဖြေနိုင်စေရန်အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ အချိန်ပိုင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပန်းခြံများနှင့် အားကစားကွင်းများအား

ကျန်းမာရေးကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက် နိုင်ရန် နေ့စဉ် နံနက် ၅ နာရီမှ နံနက် ၉ နာရီခွဲအထိ ဖွင့်လှစ် ထားမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူအပန်းဖြေနေရာများနှင့် ပန်းခြံများတွင် ထားရှိရမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော အချက်များမှာ (၁) ပါးစပ်နှင့် နှာခေါင်းစည်း စနစ် တကျတပ်ဆင်ထားခြင်းမရှိပါက အများပြည်သူအပန်းဖြေ နေရာများ၊ ပန်းခြံများအတွင်းသို့ ဝင်ရောက်ခွင့်မပြုရန်၊(၂) အများပြည်သူအပန်းဖြေနေရာများနှင့် ပန်းခြံများအတွင်း ပါးစပ်နှင့် နှာခေါင်းစည်းကို အမြဲတပ်ဆင်ထားရန်၊ မိမိနေအိမ်သို့ ရောက်ရှိမှသာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း ကိုချွတ်ရန်။ (၃)ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် ကိုဗစ်-၁၉ သံသယလက္ခဏာ တစ်ခုခုကိုခံစားနေရ သူများ၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ခြင်းရှိသူများအနေဖြင့် အများပြည်သူအပန်းဖြေနေရာများသို့ လာရောက်ခြင်း (လုံးဝ) လာရောက်ခြင်းမပြုရန်။ (၄) အသက် ၆၀ နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ကင်ဆာ စသည့်နာတာရှည်ရောဂါ ရှိသူများအနေဖြင့် အများပြည်သူအပန်းဖြေနေရာများသို့ လာရောက်ခြင်းမပြုရန်။ မဖြစ်မနေလာရောက်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်းနှင့်တွဲဖက်၍ မျက်နှာ အကာများကိုပါ တပ်ဆင်ရန်။ (၅) အခြားသူများနှင့် တတ် နိုင်သမျှ ခြောက်ပေအကွာ ခပ်ခွာခွာနေထိုင်သွားလာရန်။ (၆) အများပြည်သူအပန်းဖြေနေရာများတွင် စုဝေး စားသောက်ခြင်း လုံးဝရှောင်ကြဉ်ရန်။ လူအများဝိုင်းဖွဲ့၍ ကျယ်လောင်စွာ စကားပြောဆိုခြင်းနှင့် သီချင်းဆိုခြင်းများ ရှောင်ကြဉ်ရန်။ (၇) အပန်းဖြေနေရာများတွင် အများသုံး ပစ္စည်းများကို တတ်နိုင်သမျှ မကိုင်တွယ်ရန်။ မဖြစ်မနေ ကိုင်တွယ်ပါက မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာ နှင့် ရေအသုံးပြု ၍ လက်ကို အနည်းဆုံး စက္ကန့် ၂၀ အကြာ စနစ်တကျ ဆေးကြောရန် (သို့မဟုတ်) အယ်ကိုဟောလ် (၆၀%) နှင့် အထက်ပါဝင်သော ရေမလိုလက်သန့်ဆေးရည် ကို အသုံးပြုရန်။ (၈) အများပြည်သူအပန်းဖြေနေရာများတွင် အနည်းငယ်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်မည် ဆိုပါက တစ်ဦးနှင့် တစ်ဦးအနည်းဆုံး ရှစ်ပေ အကွာခွာ၍ ဆောင်ရွက်ရန်။ (၉) အမှိုက်များကို သတ်မှတ် အမှိုက်စွန့်ပစ်ရန်နေရာများ၊ အဖုံးပါသော အမှိုက်ပုံးများ အတွင်းသို့ စနစ်တကျစွန့်ပစ်ရန်နှင့် (၁၀) ကိုဗစ် -၁၉ ကာကွယ်ရန်အတွက် လူတိုင်း၊ မိသားစုတိုင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး အသိပေး၊ သတိပေးကြရန်တို့ဖြစ်ကြောင်း သိရသည်။ ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်