မဲစာရင်းမိတ္တူကူးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

08-Dec-2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ   ၇   ရက်

၁။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့ မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိတစ်ကြိမ်၊ ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ တစ်ကြိမ် မဲဆန္ဒရှင်ပြည်သူများသို့ နှစ်ကြိမ် အသိပေးကပ်ထားကြေညာခဲ့ပါသည်။ အင်တာနက် အွန်လိုင်းပေါ်တွင်လည်း မဲစာရင်းများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကြည့်ရှုစစ်ဆေးနိုင်ရန် တင်ထားခဲ့ပါသည်။

၂။       မဲစာရင်းများကို နယ်မြေဒေသအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒနယ်အလိုက် Soft Copy CD (PDF Format) ဖြင့် ပေးအပ်နိုင်ရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၃၀-၉-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၄ / ရကပ (၂၅၅) / ကမရ ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြား ခဲ့ပါသည်။ မိတ္တူကို နိုင်ငံရေးပါတီများအားလုံးသို့ ပေးပို့ခဲ့ပါသည်။

၃။           မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းမိတ္တူကူးယူလိုကြောင်း တင်ပြတောင်းခံလာသည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၁၅ (ခ) (၁) နှင့်အညီ အခမဲ့ကူးယူခွင့်ပြုခဲ့ပါသည်။  သို့ရာတွင် ရွေးကောက်ပွဲကျင်းပပြီးစီးသည့်နေ့အထိ အခြားသူတစ်ဦးဦးက နည်းဥပဒေ ၁၅ (ခ) (၂) အရ ခိုင်လုံသော အကြောင်းပြချက်များဖြင့် မဲစာရင်းမိတ္တူရရှိလိုကြောင်း လျှောက်ထားတောင်းခံလာပါက နည်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ထုတ်ပေးနိုင်သော်လည်း လျှောက်ထား တောင်းခံလာခြင်းမရှိပါ။

၄။        ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ပြီး မဲရလဒ်များကြေညာပြီးသည့်အချိန်တွင်မှ ရွေးကောက်ပွဲနေ့တွင် မဲစာရင်း၌မပါရှိသော မဲဆန္ဒရှင်များ၊ အသက် ၁၈ နှစ်မပြည့်သေးသူများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ လာရောက်ဆန္ဒမဲပေးသည်ကို ခွင့်ပြုခဲ့ကြောင်း၊ မဲစလစ်စာရွက် ကိုင်ဆောင်လာသူများကို မစစ်ဆေးဘဲ မဲပေးခွင့်ပြုခဲ့ကြောင်း၊ မဲစာရင်းတွင်ပါရှိသော အရေအတွက်ထက်ပိုမို၍ မဲပေးစေခဲ့ကြောင်းစသည်ဖြင့် စွပ်စွဲချက်အမျိုးမျိုးကို နိုင်ငံရေးပါတီအချို့က ရေးသားထုတ်ဝေခြင်း၊ သတင်းစာရှင်းလင်းပွဲများတွင် ပြောဆိုခြင်းများပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့နှင့် မဲဆန္ဒရှင်အချို့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ မဲစာရင်းမိတ္တူများကို  တောင်းခံလာကြပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ရန်ကုန်တိုင်းဒေသကြီး) ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၏ နောက်ဆုံးမဲစာရင်းပုံစံ (၁) ကို မိတ္တူကူးယူခွင့်ပြုပေးရန် တင်ပြလာပါသည်။

၅။         မဲဆန္ဒနယ်အလိုက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူများနှင့် ဆန္ဒမဲလက်မှတ်ထုတ်ပေးသူများသည် လာရောက် ဆန္ဒမဲပေးကြသူများအား မဲစာရင်းတွင်ပါဝင်သူ ဟုတ်/မဟုတ် စစ်ဆေးပါသည်။ မှန်ကန်လျှင် မဲစာရင်းတွင် မဲဆန္ဒရှင်ကို လက်မှတ်ရေးထိုးစေခြင်း၊ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပါက လက်ဗွေနှိပ်စေပြီးမှ ဆန္ဒမဲလက်မှတ်ထုတ်ပေး၍ ဆန္ဒမဲပေးစေပါသည်။

၆။        မဲရုံပိတ်သည့်အခါ မဲစာရင်းပါ မဲဆန္ဒရှင်ဦးရေနှင့် လာရောက်ဆန္ဒမဲပေးသူများ၊ ကိုယ်စားလှယ်လောင်းတစ်ဦးစီရရှိသော ဆန္ဒမဲအရေအတွက်၊ ပယ်မဲ၊ ပျောက်မဲ စသည်ဖြင့် သတ်မှတ်ပုံစံများတွင် ရေးသွင်းကာ ရရှိသောမဲရလဒ်ကို ပုံစံ (၁၆) ဖြင့် မဲရုံတွင် ကပ်ထားကြေညာပါသည်။ ပုံစံ (၁၆) တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူအသိသက်သေများက လက်မှတ်ရေးထိုးကြရပါသည်။

၇။         မဲရုံမှူးသည် ဆန္ဒမဲလက်မှတ်များကိုရေတွက်၍ သတ်မှတ်ထားသည့်ပုံစံများကို ဖြည့်သွင်းပြီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီရရှိသည့်ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မသုံးဘဲကျန်နေသော ဆန္ဒမဲလက်မှတ်များ၊ လက်ခံဖြတ်ပိုင်းများနှင့် ပုံစံ (၁၆-၁)၊  မဲရုံတွင်အသုံးပြုသောမဲစာရင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ် လက်ခံ ဖြတ်ပိုင်းများ၊ ပယ်မဲ ပုံစံ (၁၇) များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၆ (ဆ)၊ (ဇ)၊ (ဈ) နှင့် (ည) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထုပ်ကလေးများတွင်ထည့်သွင်း၍ အထုပ်ကြီး တစ်ထုပ်ပြုလုပ်ခြင်း၊ ချိပ်တံဆိပ်ရိုက်နှိပ်ခြင်း၊ မဲရုံကိုယ်စားလှယ်များကိုလည်း ချိပ်တံဆိပ် ရိုက်နှိပ်ခြင်းများပြုလုပ်စေပြီး  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့်အတူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ချက်ချင်း အပ်နှံရပါသည်။

၈။           မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲကျင်းပသည့်နေ့ ညနေ ၄ နာရီအထိ မိမိလက်ဝယ် ရရှိထားသည့် ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များကို နည်းဥပဒေ ၆၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီရေတွက်၍ ပုံစံ (၁၈) တွင် ရေးသွင်းခြင်း၊  မဲရုံမှူးများထံမှရရှိသည့် ပုံစံ (၁၆) ပါ ရလဒ်များနှင့် ပုံစံ (၁၈) ပါ ရလဒ်များကို စုစည်း၍ ပုံစံ (၁၉) တွင် ရေးသွင်းခြင်းများပြုလုပ်ပြီးနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ၊  လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် အများပြည်သူ အသိသက်သေများက လက်မှတ်ရေးထိုးကြရပါသည်။ ထို့နောက်  ရွေးကောက်ပွဲရလဒ်များ အတည်ပြုကြေညာပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ရပါသည်။

၉။         ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၆(က) အရ မြို့နယ်၏ရွေးကောက်ပွဲမှတ်တမ်းအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ပါသည်။ နည်းဥပဒေ ၈၆ (ခ)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသည် မိမိတို့လက်ခံရရှိသော မဲစာရင်းများအပါအဝင် ရွေးကောက်ပွဲမှတ်တမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကုန်ကျစရိတ်စာရင်းများ၊ အခြားစာရွက်စာတမ်းများကို ရွေးကောက်ပွဲပြီးသည့်နေ့မှစ၍ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပြီးစီးသည်အထိ မပျောက်မပျက်စေရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရပါသည်။

၁၀။       လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၆ (ခ) ပါ ပြဋ္ဌာန်းချက်အရ မဲစာရင်းအပါအဝင် ရွေးကောက်ပွဲစာရွက်စာတမ်းများကို  သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများက ထိန်းသိမ်းထားရပါသည်။ ရွေးကောက်ပွဲတွင်အသုံးပြုသောမဲစာရင်းများမှာ ချိပ်ပိတ်ထားသော အထုပ်များထဲတွင် ရှိနေပါသဖြင့် အဆိုပါ မဲစာရင်း၏ မိတ္တူမှန်ကို ကူးယူခွင့်ပြုပေးနိုင်မည် မဟုတ်ပါ။ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) မှလွဲ၍ အခြားသော ရွေးကောက်ပွဲဆိုင်ရာ အသုံးပြုပုံစံများနှင့် စာရွက်စာတမ်းများကိုလည်း မိတ္တူကူးယူခွင့် ပြုရမည်ဆိုသည်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်