ဖမ်းခံထားရတဲ့ ကျောင်းသားတွေပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားတွေ တောင်းဆို

18-Jan-2021

■ ရခိုင်ပြည်နယ်မှာ မြန်နှုန်းအင်တာနက် 4G လိုင်းဖွင့်ပေးဖို့နဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်တာကြောင့် ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ထပ်မံတောင်းဆိုလိုက်ပါတယ်။

စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒီနေ့ နေ့လယ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေက ဒေသခံတွေဟာ ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ သိခွင့်မရတာတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေကလည်း အွန်လိုင်းကနေ ပညာသင်ကြားခွင့်မရတာတွေနဲ့ တခြားလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေုရတာကြောင့် ထပ်မံတောင်းဆိုတာလို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ကိုတိုးတိုးအောင်က RFA ကိုပြောပါတယ်။

ပြည်သူတွေ ထိခိုက်နစ်နာနေလို့ ကျောင်းသားတွေက စစ်ပွဲတွေကို ဆန့်ကျင်ဆန္ဒပြကြတာကို အစိုးရက မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချတာဟာ မဖြစ်သင့်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့လည်း ဆိုပါတယ်။

အဲဒီတောင်းဆိုချက်တွေကို ရက္ခိုင်ပြည် ကျောင်းသမဂ္ဂက ကျောင်းသားတွေ စစ်တွေမြို့မဈေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း လက်ကမ်းစာစောင် ၅၀၀ ကျော်ဖြန့်ဝေပြီး တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်း ပြန်ဖွင့်ဖို့နဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ငါးယောက်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မတွေနဲ့ အာဏာပိုင်တွေက တရားစွဲထားပါတယ်။

အလားတူ မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပြည် စတဲ့ဒေသအသီးသီးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ဝင် ကျောင်းသား (၁၅) ဦးကိုလည်း အဲဒီပုဒ်မတွေနဲ့ပဲ ဖမ်းဆီးထောင်ချထားသလို၊ ဖမ်းဝရမ်း ထုတ်ထားတာတွေလည်းရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Photo - Ni Min Tun/ RFA