ရခိုင်ရွာတွေက ပစ္စည်းယူတယ်ဆိုတဲ့ စွပ်စွဲချက် တပ်မတော်ငြင်း

26-Nov-2020

ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တပ်မတော်စစ်ကြောင်းက ကျေးရွာတွေထဲ ဝင်ရောက်ပြီး နေအိမ်တွေက ပစ္စည်းတွေကို ယူခဲ့တာတွေရှိတယ်လို့ ဒေသခံတွေနဲ့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အခုလ ၁၅ ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီး ပြန်အထွက်မှာ နေအိမ် ခြောက်လုံးလောက်က တန်ဖိုးရှိပစ္စည်းတွေယူ သွားတယ်လို့ အမည် မဖော်လိုတဲ့ အပေါက်ဝကျေးရွာ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"၁၁ ရက်နေ့ က မြန်မာ့တပ်မတော် ၅၃၉ စစ်ကြောင်းက ရွာကို စစ်ကြောင်းထိုးတယ် ၁၅ ရက်နေ့ထိ ၅ရက် နေသွားတယ် အိမ် ခြောက်လုံးလောက်က ပစ္စည်းတွေ အကုန်ယူသွားတယ် ဆောက်လုပ်ရေးရောင်းတဲ့ အိမ်က သံဇကာတွေပါသွားတယ် ဘိလပ်မြေရောင်းတဲ့အိမ်ဆို ဘိလပ်မြေတွေ ယူသွားတယ် လူမနေတော့ စိတ်ကြိုက် ယူသွားကြတယ်။"

အရင်က ရွေထည်နဲ့ ငွေကြေးတွေကိုသာ ယူတာကနေ ဒီနောက်ပိုင်း တိုက်ပွဲကြောင့် ထွက်ပြေးနေတဲ့ အိမ်ရှင် မရှိတဲ့ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကိုပါ ယူတာမျိုးတွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြက်၊ ဝက်တွေကို ဖမ်းယူ စားသောက်တာမျိုးရှိတယ်လို့ ပြောကြပါတယ်။

ဒီလိုမျိုး ပစ္စည်းယူတဲ့ဖြစ်ရပ်တွေက မကြာခဏဆိုသလို ကြားသိနေရတာဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်းက ဖြေရှင်း ဆောင်ရွက်မှု အားနည်းလို့ တိုင်တန်းတာတွေ မလုပ်ကြဘူးလို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလို့ရှိရင် ဆောင်ရွက်နိုင်မှု ဖြေရှင်းပေးနိုင်ဖို့ အားနည်း တယ် ဒီကိစ္စဖြစ်ရင် လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ အကြောင်းကြားတယ်။ ဒါပေမဲ့ ကျနော်တို့ ကလည်း ပြည်နယ် နယ်လုံဝန်ကြီးကို ဖုန်းဆက်ပေမယ့် ဆက်သွယ်လို့မရတာများတယ်။ နောက်ဆုံး လွှတ်တော် ဥက္ကဋ္ဌရယ် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေကို ဖုန်းဆက် အကြောင်းကြားပါတယ် ဒါပေမဲ့ ဖြေရှင်းနိုင်မှု တွေက မရှိသလောက် ရှားပါတယ်။"

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက သူတာဝန်စယူတဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကစလို့ ဒေသခံတွေက လာရောက်တိုင်တန်းတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

"မရှိဘူး မရှိဘူး ကျနော်တို့ဒီမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးတွေလုပ်နေတာ မရှိဘူး ၂၀၁၉ ဒီဇင်ဘာက စပြီးတော့တော့ မကြားဘူး"

ဒေသခံတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်းတန်းလာမှုနဲ့ ပတ်သက်လို့ ပြည်နယ်နဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေမှာ ကိုယ်စားလှယ်တချို့က ကြယ်ပွင့်ပြမေးခွန်းမေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မေးခွင့် မရခဲ့ဘူးလို့ ရခိုင်ပြည်နယ်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"လွှတ်တော်က ပြောခွင့်မပေးတာရှိတယ် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်နယ်မှာလည်းရှိတယ် အမျိုးသား ပြည်သူမှာလည်း ရှိတယ်။ ပြောခွင့်မရတာများတယ် ကြယ်ပွင့်မပြမေးခွန်းမေးခိုင်းတာ (ပြောင်းမေးခိုင်းတာ) အဲတော့ လွှတ်တော်ကိုယ်စားလှယ်က မပြောင်းတော့ဘူး ။ ကြယ်ပွင့်မပြ မေးခွန်းကြတော့ စာနဲ့မေး စာနဲ့ပဲဖြေတာ။"

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်သားတွေဟာ စစ်ဆင်ရေး ဆောင်ရွက်နေတာကြောင့် ပစ္စည်းတွေကို အလေးခံပြီး သယ်ယူဖို့ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

"အဓိက ကတပ်မတော်အနေနဲ့ ရွာထဲမှာ တပ်စွဲတာမရှိဘူး နောက်သူတို့ပြောနေတဲ့ သွပ်တို့သံတို့ ယူဖို့ဆိုတာ တပ်မတော်သားတွေက စစ်ဆင်ရေးဆောင်ရွက်နေတာ အလေးခံပြီးဘယ်သူမှ ကိုယ့်အသက်အသေခံပြီး သယ်ဖို့မရှိပါဘူး။ ဝန်ထုပ်ဝန်ပိုးသယ်ပြီး ဘယ်သူမှမလုပ်ဘူး။ စစ်ဖြစ်နေတဲ့ နေရာမှာ ကျင့်ဝတ်သိက္ခာ အရရော အခြေအနေအရရော ဘယ်သူမှ လုပ်စရာအကြောင်းမရှိဘူး။ "

တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ အိုးအိမ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ REC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့စာရင်းတွေအရတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော် ရှိတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။ လောလောဆယ်မှာ ရခိုင်ဒေသအတွင်း တိုက်ပွဲတွေ ရပ်တန့်နေတာကြောင့် ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး နေရပ်ပြန်နေကြပါပြီ။

RFA