တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

12-Jan-2021

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ ၂ ရက်ကြာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ် ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ သမ္မတရုံးက ကြိုမပြောပေမယ့် တွေ့ဆုံပြီးရင် သတင်းထုတ်ပြန် သွားမယ်လို့ ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၁၂ မနက်ဖြန် မနက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မစ္စတာဝမ်ယိဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ အခုလို လာရောက်တာဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာလည်း အတူ လိုက်ပါခဲ့ဖူးပါတယ်။ မစ္စတာဝမ်ယိဟာ ၂၀၂၀ ရွေးကောက်ပွဲ မှာ NLD ပါတီ နောက်တစ်ကြိမ် ထပ်အနိုင်ရခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက ရောက်လာတဲ့ အဆင့်အမြင့်ဆုံး အရာရှိလည်း ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံခရီးစဉ်ပြီးရင် အင်ဒိုနီးရှား၊ ဘရုနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဆက်ပြီးသွားရောက်မှာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CGTN သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ဒီခရီးစဉ်မတိုင်ခင် မနေ့ တနင်္ဂနွေနေ့က ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မန္တလေးအထိကို ရထားလမ်း ဖောက်မယ့်ကိစ္စ လေ့လာရေးလုပ်ငန်းစဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပြီးခဲ့တဲ့ ၂ဝ၂ဝ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း အတူ လိုက်ပါခဲ့ဖူးပါတယ်။ လက်မှတ်ထိုးပွဲအခမ်းအနားမှာ တရုတ်သံအမတ်ကြီး Chen Hai က ဒီရထားလမ်းဟာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသလို အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ အရေးပါတယ်လို့ ပြောပါတယ်။

အခမ်းအနားမှာ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးသန့်စင်မောင်က တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရထားလမ်းစီမံကိန်းတွေမှာ နှစ်ပေါင်းများစွာ အကူအညီပေးနေတာဖြစ်ပြီး၊ ဒီရထားလမ်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းအတွက် အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

RFA Burmese