ရန်ကုန်မှာဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို စစ်ဆေးပြီး နေရပ်ပြန်ပို့မည်

07-Jan-2021

ကိုဗစ် ၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ တစ်နေရာနဲ့ တစ်နေရာ သွားလာမှု ကန့်သတ်ထားတဲ့အချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးက မွတ်စလင် ၉၉ ဦးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ မနေ့က ဖမ်းဆီးခံခဲ့ရ ပါတယ်။

သူတို့ကို ရွှေပြည်သာမြို့နယ် ကွန်ပျူတာတက္ကသိုလ် ကိုဗစ် ၁၉ စောင့်ကြည့်ရေးစခန်းမှာ ထိန်းသိမ်းထားပြီး ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးပြီးရင် မြောက်ဦးကနေ လာတဲ့သူတွေ ဟုတ်၊ မဟုတ် ဆိုတာကို ဆက်လက်စစ်ဆေး မယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

မြောက်ဦးက လာတဲ့သူမှန်ရင် နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေး နဲ့ လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

"အစ်မတို့က ချက်ချင်းဆောင်ရွက်ခြင်း လုပ်တယ်ဆိုတာ လဝကရဲ့ ဥပဒေအရ စစ်ဆေးဆောင်ရွက်ခြင်းကို ဆောင်ရွက်မယ်၊ ကျန်တဲ့ကိစ္စရပ်က သူတို့ကျူးလွန်ခြင်း မကျူးလွန်ခြင်း ကိစ္စရပ်တွေအားလုံးကတော့ တစ်ထစ်ကို တက်ပြီးတော့ ရဲအရေးပိုင်မှုလား တရားရုံးဦးတိုက်လား ဒါတွေက သူ့ဟာသူ ဥပဒေကြောင်း အရ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွဲခြားဆောင်သွားမှာနော်၊ အစ်မတို့ရဲ့ လဝကရဲ့ ဆောင်ရွက်ပေးရမယ့် ကိစ္စကတော့ သူတို့ကို နေရပ်ပြန်ပို့နေရေး ဆောင်ရွက်ပေးဖို့တွေရှိတယ်။ နေရပ်ပြန်မပို့ခင်မှာ ကျန်းမာရေး စစ်ဆေးမယ်၊ ကျန်းမာရေးစစ်ဆေးပြီးတဲ့အခါမှာ positive ဖြစ်ရင် အစ်မတို့က စင်တာတွေမှာတင်ပြီး တော့ ထိန်းသိမ်းစောင့်ရှောက်တယ်၊ negative ဖြစ်တယ်ဆိုရင်တော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ လက်ဆင့်ကမ်းပေးပို့ခြင်းတွေကို ဆောင်ရွက်တယ်ပေါ့"

ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် ဘုရင်နောင်လမ်းမှာ မသင်္ကာစရာ လူတစ်ဦးကို ရွှေပြည်သာမြို့နယ် စခန်းမှူးက ခေါ်ယူစစ်ဆေးရာကနေ ရိုဟင်ဂျာ အမျိုးသား ၂၆ ဦး အမျိုးသမီး ၇၃ ဦးကို မနေ့က အဖမ်းခံခဲ့ ရတာပါ။

မွတ်စလင် ၉၉ ဦးကို တရားမဝင်ခေါ်လာတဲ့ ရန်ကုန်က အမျိုးသား နှစ်ယောက်၊ အမျိုးသမီး နှစ်ယောက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၃၇၀ သွေးဆောင်စွဲခေါ်မှု၊ ကျွန်ပြုရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး တင်မောင်လွင် က ပြောပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်ရော နှစ်မျိုးလုံး ချမှတ်နိုင်တဲ့ဥပဒေ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၃၇၀ ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ရော နှစ်မျိုးလုံး ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

"လက်ရှိစစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ ဘင်္ဂါလီ ၉၉ ယောက်ကိုတော့ ကျန်းမာရေးစစ်ဆေးဖို့ ကျနော်တို့ ကွာရန်တင်းစင်တာမှာ ပို့ထားပါတယ်၊ သူတို့ကို carry လုပ်လာတဲ့ ပွဲစားတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူထားပါတယ်။ ပွဲစားကတော့ လောလောဆယ် ကျနော်တို့ ဖမ်းမိတာ လေးဦးပါဗျ၊ ရန်ကုန်ကတော့ ပြောရမှာပေါ့ မြို့နယ်ကတော့ ရန်ကုန်ဧရိယာထဲမှာပဲပေါ့နော်၊ သူတို့ကို ရာဇသတ်ကြီး ၃၆၇/ ၃၇၀ နဲ့ အရေးယူထားပါတယ်။"

ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးငယ် ၁၀ ဦး ဝန်းကျင် ပါဝင်တယ်လို့ ပြောပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ ရန်ကုန်၊ ရန်ကုန်ကတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ လာကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ကို အရေးယူဖို့ လုပ်ဆောင်နေပြီး ဖြတ်သန်းခဲ့တဲ့ မြို့နယ်တွေမှာ ခွင့်ပြုချက်ယူခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒု-တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

"ကိုဗစ်ကတော့ သူ့ဟာသူကျန်းမာရေးအရ ဆက်လုပ်မယ်၊ ရဲတပ်ကတော့ မှုခင်းပိုင်းဆိုင်ရာပဲဗျ၊ ကျနော် တို့ကတော့ ပို့ဆောင်တဲ့ပွဲစားတွေကို ဆက်လက်ပြီးတော့ ဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူပါတယ်"

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်နဲ့ ထိုင်းနိုင်ငံ လမ်းကြောင်းတွေကနေ သွားရောက်နေကြပါတယ်။ တချို့က လူကုန်ကူးခံရတာတွေ ရှိသလို တချို့ကတော့ ငွေကြေးလိမ်လည်ခံရပြီး ဖမ်းဆီးခံလိုက်ရတာတွေ ရှိတယ်လို့ မြောက်ဦးမြို့နယ်က အမည်မဖော်လိုတဲ့ မွတ်စလင် လူငယ်တစ်ဦးက RFA ကိုပြောပါတယ်။

"ကျနော်တို့ကို ပွဲစားခေါ်တာပါ ပိုက်ဆံပေးစရာမလိုဘူး၊ အလကား မလေးရှားပို့ပေးမယ် ပြောပါတယ်၊ ပိုက်ဆံ ၁၄ သိန်း ပေးပြီးတော့ ကျနော်တို့ကို ရန်ကုန်ပို့ပေးမယ်ပြောတယ်၊ မလေးရှားပို့ပေးမယ်ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့ကို မကွေးတိုင်းမှာ ခေါ်သွားတယ်၊ သူတို့တောထဲကနေ ဘယ်သွားလည်း မသိဘူး၊ ကျနော်တို့ တောထဲမှာပဲနေတာ သူတို့ပျောက်သွားတယ်၊ သူတို့ပြေးသွားတယ်၊ ကျနော်တို့ကို ရဲကလာပြီး ဖမ်းသွားတယ်၊ ကျနော်တို့ကို ထောင်ချတယ် ၂ နှစ် အမိန့်ချတယ် ၁ နှစ် နိုင်ငံတော်ရတယ်၊ တစ်နှစ်နေ ပြီးတော့ ကျနော်တို့ ကိုယ့်ရွာကို ကိုယ်ပြန်လာတာပါ။"

အခုပြောသွားတဲ့ မွတ်စလင်လူငယ်ဟာ ၂၀၁၈ ခုနှစ်က ပွဲစားကို ငွေကြေး ၁၄ သိန်းပေးပြီး မလေးရှား သွားဖို့ ကြိုးစားချိန်မှာ မကွေးတိုင်းထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့သူပါ။ မြန်မာနိုင်ငံသား သက်သေခံ တစ်စုံတစ်ရာ မရှိတဲ့ အတွက် "၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေ" ပုဒ်မ ၆(၃) နဲ့ အရေးယူ ခံရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအတွင်း အလုပ်အကိုင်ရှားပါးတာကြောင့် အလုပ်အကိုင်ရဖို့ နေရပ်စွန့်ခွာရင်း လူကုန်ကူးခံရတာတွေ အများအပြား ရှိနေတာကြောင့် သက်ဆိုင်ရာက ကူညီပေးကြဖို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့နယ်က မွတ်စလင်တစ်ဦးက ပြောပါတယ်။

"ကျနော်တို့ကြားသလောက်ကတော့ ရန်ကုန်ထိဆိုတော့ တချို့ဟာက သိန်း ၃၀ ကျတယ်၊ တချို့ဟာက ၂၅ သိန်း ရှိတယ်၊ တချို့ဟာက သိန်း ၄၀ ယူသွားတာလည်း ရှိတယ်။ ဥပမာလူပေါင်း ၁၀၀ သွားတော့ ၂၀ ရာခိုင်နှုန်းလောက်ကတော့ မလေးရှားရောက်တယ်၊ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အပြစ်ကျ၊ ကျနော်တို့ ဖြစ်စေချင်တာက ကျနော်တို့ဒေသမှာရှိတဲ့ ပွဲစားတွေကို လူကုန်ကူးတဲ့ပွဲစားတွေကိုမှ ကျနော်တို့ အဓိက ဖမ်းရမယ်၊ ဟိုမှာလည်းမရောက် ဒီမှာလည်းမရောက် မြို့ကလူကတအားဒုက္ခဖြစ်နေရတယ်၊ ပထမလည်း ဒုက္ခရောက်နေတယ်၊ အခုပိုပြီးတော့ ဒုက္ခရောက်နေတယ်၊ ပွဲစားကိုနှိမ်နင်းရမယ်၊ အကူအညီလေးတောင်း ချင်တယ်"

ပြီးခဲ့တဲ့တနင်္လာနေ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဧရာဝတီတိုင်း ချောင်းသာမှာ နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင် ခုနစ်ဦး အဖမ်းဆီးမိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပြည်မြို့အနီးက နဝဒေးတံတားမှာ ရခိုင်ပြည်နယ်က နိုင်ငံသား အထောက်အထားမဲ့သူ ၁၃ ဦးကို ခေါ်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးမိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ကနေလာတဲ့ အထောက်အထားမဲ့ မွတ်စလင် ၁၀၀ ကျော်ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ဖမ်းဆီးမိခဲ့တာဟာ ရန်ကုန်တိုင်းအတွင်း အရေအတွက်အများဆုံး ဖမ်းဆီးမှု ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကလည်း တနင်္သာရီတိုင်း ကော့သောင်းမြို့အနီးမှာ ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၁၅၀ ကျော်ကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီရိုဟင်ဂျာတွေကို မောင်တောမြို့နယ်က ငါးခူရ ပြန်လည် လက်ခံရေးစခန်းမှာ စစ်ဆေးရာမှာ အဲဒီထဲက ၁၃၀ ကျော်ဟာ မြန်မာနိုင်ငံသားအဖြစ် စိစစ်လို့ရတာကြောင့် သူတို့နေထိုင်ခဲ့တဲ့ မြို့နယ်တွေကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

RFA Burmese