Veterans Day အထိမ်းအမှတ်ဂုဏ်ပြုဆု သမ္မတ Trump ချီးမြှင့်

12-Nov-2020

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Veterans Day လို့ခေါ်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို အမှတ်တရ ဂုဏ်ပြုတဲ့နေ့ဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မနေ့ကပဲ ဂုဏ်ပြု ချီးမြှင့်မှုတခု ကြေညာခဲ့ပါတယ်။

စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ Gold Star ရွှေကြယ် မိသားစုတွေကို အမေရိကန်တနိုင်ငံလုံးက ဥယျာဉ်နဲ့သစ်တောတွေထဲ ဘဝတသက်တာလုံး အခမဲ့ဝင်ရောက်ခွင့်ပေးတဲ့အကြောင်း သမ္မတထရမ့်ပ်အစိုးရက ကြေညာခဲ့တာပါ။ Gold Star Family ဆိုတာကတော့ မိသားစုဝင်တဦးဦး စစ်ပွဲတခုခုအတွင်း ကျဆုံးသွားခဲ့ပြီးတဲ့နောက် ကျန်ရစ်သူ မိသားစုဝင်တွေကို ဂုဏ်ပြုခေါ်ဆိုတာပါ။

"ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီး အမေရိကန်မျိုးချစ်တွေကို ဂုဏ်ပြုဖို့ ထရမ့်ပ်အစိုးရက အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။" လို့ ပြည်ထဲရေးဝန်ကြီး David L. Bernhardt က Twitter မှာ ရေးပါတယ်။

နိုဝင်ဘာလကို "စစ်ပြန်စစ်မှုထမ်းဟောင်းများနှင့် စစ်ဘက်မိသားစုများ အထိမ်းအမှတ်" အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သမ္မတထရမ့်ပ်က သတ်မှတ် ကြေညာခဲ့ပါသေးတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အရှုံးသမားတွေဆိုပြီး သမ္မတထရမ့်ပ်က သုံးနှုန်းပြောဆိုခဲ့တယ်လို့ The Atlantic မဂ္ဂဇင်းက ရေးခဲ့ပြီးတဲ့နောက် သမ္မတထရမ့်ပ်ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။ သူကတော့ အဲဒီလိုမပြောဖူးဘူးလို့ ငြင်းပါတယ်။

၁၉၁၈ ခုနှစ်မှာ ဂျာမနီက လက်နက်ချခဲ့ပြီး ပထမကမ္ဘာစစ် အဆုံးသတ်သွားတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကို စစ်ပြန်စစ်မှုထမ်းဟောင်းနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြုကျင်းပလာတာပါ။

အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမှုထမ်းခဲ့ဖူးသူအားလုံးကို အမှတ်တရ ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီနေ့မှာ အခမ်းအနားတွေ၊ စစ်တီးဝိုင်းတွေနဲ့ ဂုဏ်ပြုချီတက်ပွဲတွေ တနိုင်ငံလုံးမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်နေတဲ့အတွက် ပွဲအများအပြားကို ပယ်ဖျက်ထားသလို မြို့အတော်များများမှာ အကျဉ်းရုံးကျင်းပဖို့ ဒါမှမဟုတ် အွန်လိုင်းကနေပဲ ဂုဏ်ပြုဖို့ စီစဉ်ထားကြပါတယ်။

Crd VOA News