NLD အမတ်လောင်းသုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အေအေထုတ်ပြန်

21-Nov-2020

NLD ပါတီဝင် ၊အမတ်လောင်း သုံးဦးကို မည်သည့်နှိပ်စက်ခြင်းမှမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီးအပြန်အလှန်နားလည်မှုရှိတဲ့အခြေအနေမှာ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်လိုက်ပါတယ်။

ဒီသုံးဦးလွတ်မြောက်ရေး ပါတီဘက်က နှုတ်အားဖြင့်လည်းကောင်း၊ ထုတ်ပြန်ချက်တွေနဲ့လည်းကောင်း၊ တခြားနည်းလမ်းတွေနဲ့တောင်းဆိုနေတာကိုလည်း ကြားသိရပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် မေတ္တာတရားနဲ့ တုံ့ပြန်ဖို့လည်း အသင့်ရှိတယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

NLD ပါတီဝင်သုံးဦးလွတ်မြောက်ရေးကိုတောင်းဆိုနေတဲ့နည်းတူ အေအေဘက်ကလည်း အစိုးရက ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေ၊ ရခိုင်ဒေသခံတိုင်းရင်းသားပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေ၊ မတရားဖမ်းဆီးခံထားရတဲ့ ULA အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးရင်းခြာတွေ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြလို့ ဖမ်းဆီးခံထားရတဲ့တက္ကသိုလ်ကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်းဖော်ပြထားပါတယ်။

ဘီဘီစီမြန်မာပိုင်း