အစိုးရထောက်ပံ့ကြေးအပေါ် အဂတိလိုက်စားမှုရှိနေကြောင်း မင်းပြားဒေသခံတွေ တိုင်တန်း

17-Dec-2020

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုအတွက် ကပ်ရောဂါကာလ အစိုးရက ထောက်ပံ့ထားတဲ့ငွေတွေကို ကျေးရွာအာဏာပိုင်တွေက အလွဲသုံးစားလုပ်ထားကြောင်း ဒေသခံတွေက နေပြည်တော်ရှိ နိုင်ငံအကြီးအကဲတွေဆီကို ဒီနေ့ စာပေးပို့ တိုင်ကြားလိုက်ပါတယ်။

အစိုးရက ထောက်ပံ့ထားတဲ့ငွေ စုစုပေါင်း ၇၄၇ သိန်းရှိပြီ ဖြစ်ပေမယ့် အဲ့ဒီငွေတွေဟာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအရာရှိနှစ်ဦးက အလွဲသုံးစားလုပ်ထားတဲ့အတွက် ပြည်သူလူထုတွေဆီကို ပြည့်ပြည့်ဝဝ မရောက်ရှိဘူးလို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဦးဆောင်တိုင်ကြားသူတဦးဖြစ်တဲ့ ကိုဆလိုင်းထွန်းလှကျော်က အစိုးရက ထောက်ပံ့တဲ့ငွေတွေကို ဒေသခံတွေရရှိကြောင်း လက်မှတ်အတုထိုးပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးအရာရှိတွေက လာဘ်စားထားတာလို့ RFA ကိုပြောပါတယ်။

''အစိုးရက ထောက်ပံ့တာ သိန်းပေါင်း ၇၄၀ ရှိတယ်။ ကျနော်တို့ပြည်သူတွေကို ပြန်ချပေးတာ သိန်းပေါင်း ၄၀ ကျော်ပဲ ရှိတယ်။ သိန်း ၇၀၀ လောက်ကို အုပ်ချုပ်ရေးမှူးနဲ့ စာရေးတွေက မျှစားထားတာ။ ဒါကို ကျနော်တို့က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကိုသွားပြီး စာရင်းဇယားတွေတောင်းမှ အစိုးရ လေးကြိမ်ထောက်ပံ့တဲ့ ငွေတစ်သိန်းကျပ်ကို လက်ခံရရှိကြောင်း လက်မှတ်ထိုးပြီးတော့ ဒီစာရင်းတွေကို ပြန်တင်ပြထားတာကျနော်တို့ ရရှိတယ်၊ ဒါကြောင့် ကျနော်တို့ တိုင်ကြားတာလို့'' ကိုဆလိုင်းထွန်းလှကျော်က ပြောပါတယ်။

အဲ့ဒီတိုင်ကြားစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကို လိပ်မူပြီး ပို့လိုက်တာပါ။

ဒေသခံရွာသားတစ်ဦးဖြစ်တဲ့ ဦးမောင်မဲအောင်က ''ပထမတကြိမ်မှာ ငွေ ၅၀၀၀ ရတယ်။ ဒီလတကြိမ် တစ်သောင်းရတယ်။ နှစ်ခါပေါင်း တစ်သောင်းခွဲပဲ ရသေးတယ်''လို့ RFA ကိုပြောပါတယ်။

ကပ်ရောဂါကာလ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးတာ လေးကြိမ်ရှိသွားပြီဖြစ်ပြီးတော့ တစ်ကြိမ်ကို နှစ်သောင်းနှုန်းနဲ့ သုံးကြိမ်ထောက်ပံ့ခဲ့ပြီး အခုနောက်ဆုံးအကြိမ်မှာ လေးသောင်းဆီ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

အင်တာနက်မရ၊ ဖုန်းလိုင်းမရတဲ့ ဒေသမှာ ဒီလိုအကျင့်ပျက်ခြစားမှုတွေဖြစ်နေတာကို အစိုးရကို သိစေချင်လို့ အခုလိုတိုင်ကြားတာ၊ ဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဆလိုင်းပိုင်ဆွန် က RFA ကိုပြောပါတယ်။

မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စုမှာ ကျေးရွာ ၂၆ ရွာ၊ အိမ်ခြေပေါင်း ၁၂၂၇ အိမ် ရှိပါတယ်။ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြပါတယ်။ ဒီထဲက အိမ်ထောင်စုပေါင်း ၇၄၇ စုကို အစိုးရက ထောက်ပံ့ကြေးပေးထားတာ ဖြစ်ပါတယ်။

အဂတိလိုက်စားကြောင်း စွပ်စွဲတိုင်ကြားခံထားရတဲ့ ကျေးရွာအာဏာပိုင်တွေထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှခင်မောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ...

''ကျနော်တို့ ရထားတဲ့ငွေတွေ အားလုံးကို ဖြန့်ဝေပြီးပါပြီ။ တစ်ယောက်မကျန်ပါပဲ။ ကျနော်တို့ ဖြန့်ဝေပေးတာ လေးခါရှိပါပြီ။ ငွေပေးတာ နှစ်ခါ၊ ဆန်၊ ဆီပေးတာ နှစ်ခါပါ။ ကျနော်တို့ ကိုယ်ကျိုးတစ်ခုမှ မစားပါဘူး။ နိုင်ငံတော်က ထောက်ပံ့တာ အိမ်ထောင်စု ၇၄၇ စုပဲ။ ကျနော်တို့က အိမ်ထောင်စု ၂၀၀၀ ကျော်ကို ခွဲပြီးတော့ ဝေပေးလိုက်တာ။ ငွေက ခုနောက်ဆုံးတစ်ယောက် လေးသောင်းနှုန်း ပေးတာပါ။ ကျနော်တို့က ဟိုလူ့ပေးတာ ဒီလူ့ပေးတယ်ဖြစ်မှာစိုးလို့ အကုန်ညီတူမျှတူ ခွဲပေးလိုက်ပါတယ်'' လို့ပြောပါတယ်။

အခုကာလမှာ အစိုးရက ထောက်ပံ့ပေးတဲ့ ငွေကြေးတွေ တကယ့်အောက်ခြေပြည်သူတွေဆီကို မရောက်ဘူးဆိုပြီး ဆန္ဒပြတောင်းဆိုတဲ့အထိ ရှိနေပါတယ်။ ဒီလို အစိုးရက ထောက်ပံ့ပေးတဲ့ ‌ငွေကြေးတွေ မရဘူးဆိုရင် တိုင်ကြားနိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

RFA Burmese