ထိုင်းနယ်စပ်က မြန်မာကျောင်းသားတွေကို အတန်းတင်ပေးမည်

10-Dec-2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တဖက်ကမ်း တာခ့်ခရိုင်ထဲမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ အားကိုးရတဲ့ စာသင်ကျောင်းတွေ အခုထိ ဖွင့်ခွင့်မရသေးဘဲ Home-Based Learning လို့ခေါ်တဲ့ နေအိမ်တွေမှာ သွားရောက် သင်ကြားပေးတဲ့စနစ်နဲ့ သင်ကြားသွားဖို့ ထိုင်းပညာရေးဌာနက ညွှန်ကြားထားပါတယ်။

ဒီလိုသင်ကြားပေးတဲ့အခါမှာ စာသင်ကြားမဲ့နေရာ မရှိတာကြောင့် အခက်အခဲတွေနဲ့ သင်ကြားပေးနေရပေမဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွက် အတန်းတင်နိုင်အောင် သင်ကြားပေးနေရတယ်လို့ မဲဆောက်မြို့က မြန်မာနိုင်ငံ သွေးစည်းညီညွတ်ရေးအဖွဲ့ဝင်ကျောင်း BLSO ကျောင်း တာဝန်ခံ ဆရာမ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

“အတန်းတက်တဲ့ပုံစံ ဟုတ်တယ်။ ကျမတို့ အတန်းတင်တဲ့ နေရာမှာလည်း စစ်ဆေးတဲ့နေရာမှာလည်း Home-Based Learning သင်ယူမှုအပိုင်းရော၊ သူတို့ရဲ့ activity အပိုင်းရော၊ အိမ်စာလုပ်ဆောင်မှု အပိုင်းရော သူတို့ရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာရော စသဖြင့် အချက်အလက်တွေကို ကျမတို့ စနစ်တကျ ကောက်ယူပြီးတော့ အမှတ်တွေ ပေးသွားမှာ ဖြစ်ပါတယ်”

ဒီလို စာသင်ကြားမှုကို လာမဲ့ ၂၀၂၁ ခုနှစ် ဧပြီလဆန်းထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အတန်းတင် အောင်လက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။ မဲဆောက်မြို့ ၊ ဆာတူးလေ အထက်တန်းကျောင်းရဲ့ ဒါရိုက်တာ နော်ဖောရေကလည်း ကျောင်းသူ ကျောင်းသားတွေကို စာသင်ကြားတဲ့အခါမှာ အမှတ်ပေးစနစ်နဲ့အတူ အတန်းတင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“Home-Based Learning မှာ ကျမတို့ student worksheet ဆိုတာရှိတယ်။ သင်ကြားတဲ့ခေါင်းစဉ်ကို သင်ကြားပြီးတဲ့အခါ ကလေးလေးတွေကို တခါထဲ အမေးအဖြေလုပ်နိုင်ဖို့ အမှားအမှန်လုပ်နိုင်ဖို့၊ စာစီစာကုံးရေးဖို့၊ ဝါကျရေးဖို့ တခါထဲ အဲဒီမှာဆိုရင် အမှတ်ပေးစနစ်ပါ ထားထားတယ်။ ဆိုတော့ သူတို့ရဲ့ လေးစားမှု၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ပါဝင်စားမှု အဲဒါတွေကအစ အမှတ်နဲ့ ချမှတ်ထားတာရှိတယ်။ အဲဒီအမှတ်ကို စုပြီးတော့ အတန်းတင်မှာပေါ့။ စာမေးပွဲသဘောပေါ့။ စာမေးပွဲ စစ်တာတို့တော့ မရှိတော့ဘူးပေါ့နော်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အမှတ်ပေးသွားတယ်။ နှစ်ဆုံးတဲ့အခါမှာ ဒီကလေးကတော့ ၆၅ ရာခိုင်နှုန်းမှာ ဒီလောက်တော့ လုပ်သွားတယ်ဆိုတော့ အတန်းတင်လို့ရပြီ။ အတန်းမကျတော့ဘူး၊ အဲဒီလိုမျိုးပုံစံ”

အခုနှစ် ပညာသင်နှစ်အတွက် အတန်းတင်နိုင်ရေးနဲ့ ပတ်သက်လို့ လာမဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းပညာရေးဌာနက တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)၊ လူမှုအခြေပြု အဖွဲ့အစည်း CBO က တာဝန်ရှိသူတွေက အစည်းအဝေးကျင်းပပြီး ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ နော်ဖောရေက ပြောပါတယ်။ ဒီလို သင်ကြားမှုဟာ ကျောင်းမဖွင့်ရတာထက်စာရင်တော့ အဆင်ပြေပေမဲ့ ကျောင်းသားတွေ ရှိတဲ့နေရာမတူတာ၊ အခြေအနေမတူတာတွေကြောင့် သွားလာရတဲ့ အခက်အခဲတွေ၊ စာသင်မဲ့ နေရာမရှိတာ ကျောင်းဆရာ၊ ဆရာမ မလုံလောက်တာတွေ ကြုံတွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒီစာသင်ကြားမှုကို ပြီးခဲ့တဲ့ ဇွန်လကတည်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်နေတဲ့ နေအိမ်တွေ၊ အလုပ်ရုံက သိုလှောင်ရုံတွေ၊ ဘော်ဒါဆောင်၊ ဘုန်းကြီးကျောင်း၊ သုသာန်က ဇရပ်တွေ၊ တန်းလျားတွေမှာ ဆရာမတွေက သွားရောက် သင်ကြားပေးနေတာလို့ ဆိုပါတယ်။

တာ့ခ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၆၉ ကျောင်းရှိပြီး ဆရာ၊ ဆရာမပေါင်း ၃၀၀ ကျော်နဲ့ ကျောင်းသူ၊ ကျောင်းသား တစ်သောင်းတစ်ထောင်ကျော် ရှိပါတယ်။ အဲ့ဒီထဲက ကျောင်း ၃၃ ကျောင်းကို ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားတဲ့ စည်းမျဉ်း ၄၄ ချက်နဲ့အညီ ကိုက်ညီမှု ရှိ၊ မရှိ စက်တင်ဘာလကုန်ပိုင်းမှာ ထိုင်းကျန်းမာရေး၊ စစ်တပ်၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးခဲ့ပြီး ၂၆ ကျောင်းကို အောက်တိုဘာ ၁၂ ရက်နေ့မှာ School based learning လို့ ခေါ်တဲ့ စာသင်ကျောင်းခန်းထဲမှာ စာသင်ကြားဖို့ ထိုင်းပညာရေးဌာနက ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မဲဆောက်မြို့မှာ မြဝတီဘက်ကလာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိတဲ့နောက် ကျောင်းတွေ ဖွင့်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် နေအိမ်တွေမှာ သင်ကြားပေးတဲ့စနစ်ကိုတော့ နှစ်ဆုံးတဲ့အထိ သင်ကြားသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ နော်ဖောရေက ပြောပါတယ်။

“Migrant ပြန်ဖွင့်ဖို့တော့ မဖြစ်နိုင်တော့ဘူး ထင်တယ်။ ဒါကြောင့်မို့ Home-based က အကောင်းဆုံးနည်းလမ်းပဲလို့ ထင်တယ်”

ထိုင်းနယ်စပ်တလျှောက် ရွှေ့ပြောင်းမြန်မာကျောင်းတွေ အများအပြား ရှိပါတယ်။ မြဝတီရဲ့ တဖက်ကမ်း မဲဆောက်မြို့မှာ စာသင်ကျောင်းတွေ များရတာလည်း ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်နေတဲ့ စက်ရုံအလုပ်ရုံ နေရာဒေသပေါ် မူတည်ပြီး စာသင်ကျောင်းတွေ လိုက်ဖွင့်ပေးရလို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ထိုင်းစာသင်ကျောင်းတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လကနေစပြီး ပုံမှန် ကျောင်းပြန်ဖွင့်နေပေမဲ့ တာ့ခ်ခရိုင်မှာ ရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေကတော့ ဖွင့်ခွင့်မရသေးဘဲ Home-Based Learning သင်ကြားမှုစနစ်နဲ့ သင်ကြားပြီး အတန်းတင်သွားမှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း၊ ဖူးခက်၊ ဖန်ငမြို့နယ် ဘက်မှာလည်း မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၁၂ ကျောင်းရှိပါတယ်။ အဲ့ဒီကျောင်းတွေထဲက တချို့ကျောင်းတွေတော့ ဖွင့်နေပြီ ဖြစ်တယ်လို့ ဖန်ငမြို့က ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)ရဲ့ ပညာရေးဌာန တာဝန်ခံ စောမူးဒိုက ပြောပါတယ်။

FED က ဖွင့်ထားတဲ့ ဖန်ငခရိုင် တကွာပါမြို့နယ်နဲ့ ကူရဘူရီမြို့နယ်က စာသင်ကျောင်း နှစ်ကျောင်းကို ထိုင်းကျောင်းတွေလိုပဲ ဇူလိုင်လက ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဦးစားပေးလုပ်ရလို့ ကျောင်းဆရာတွေ ပိုပင်ပန်းရသလို၊ စိုးရိမ်မှုတွေနဲ့ သင်ကြားပေးနေရတယ်လို့ ပြောပါတယ်။

RFA Burmese