ပင်လယ်ကွေ့ဒေသ၌ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရန် အစ္စရေးက အမေရိကန်အား ခွင့်ပြု

25-Jan-2021

တဲလ်အဗစ် ဇန်နဝါရီ ၂၄

ပါရှားပင်လယ်ကွေ့၊ ဥရောပနှင့် အာရှတိုက်ရှိ အမေရိကန် တပ်စခန်းများတွင် အစ္စရေးလုပ်ဒုံးကျည် ကာကွယ်ရေး စနစ်(Iron Dom)များ ဖြန့်ကြက်ထားရန် အစ္စရေးက အမေရိကန်ကို ခွင့်ပြုလိုက်ကြောင်း အစ္စရေးအခြေစိုက် ဟာရက်ဇ်သတင်းစာက အမည်မဖော်လိုသူ အစ္စရေးလုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်များ ဖြန့်ကြက် ရမည့် နေရာနှင့်ဒေသများကို အစ္စရေးလုံခြုံရေးအရာရှိများ က အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဒုံးကျည်ရန်ကာကွယ်ရေးစနစ်နှစ်ခုကို ဖြန့်ကြက်ရမည့် ဒေသများသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဒုံးကျည်ရန်ကာကွယ်ရေး စနစ်များ ဖြန့်ကြက်ရန် အမေရိကန်၏ ရည်ရွယ်ချက်မှာ ပင်လယ်ကွေ့ဒေသတွင် ဖြန့်ကြက်ထားသည့် ၎င်း၏ တပ်ဖွဲ့ ဝင်များအား အီရန်နှင့် အပေါင်းပါတို့၏ တိုက်ခိုက်မှုများမှ အကာကွယ်ပေးရန်ဖြစ်ကြောင်း အစ္စရေးလုံခြုံရေးအရာရှိ များက ပြောကြားသည်။

ထို့အပြင် အမေရိကန်သည် ရုရှား နိုင်ငံက အရှေ့ဥရောပဒေသရှိ အမေရိကန်တပ်ဖွဲ့ သို့မဟုတ် အမေရိကန်တပ်ဖွဲ့၏ မဟာဗျူဟာအခြေခံအဆောက်အအုံ များအား တိုက်ခိုက်ရန် ကြိုးပမ်းလုပ်ဆောင်နိုင်သည်ကို စိုးရိမ်သည့်အတွက် ယင်းဒေသများတွင်လည်း အစ္စရေးလုပ် ဒုံးကျည်ရန်ကာကွယ်ရေးစနစ်များကို ဖြန့်ကြက်ထားမည် ဖြစ်ကြောင်း အစ္စရေးအရာရှိများက ပြောကြားသည်။

မိတ်ဖက်များနှင့်အတူ အစ္စရေးဒုံးကျည်ရန်ကာကွယ် ရေးစနစ်များ ထုတ်လုပ်လျက်ရှိသည့် ရာဖေးလ်အဆင့်မြင့် ကာကွယ်ရေးကုမ္ပဏီသည် ဥရောပ၊ ပင်လယ်ကွေ့ဒေသ၊ အာရှနှင့် အခြားနိုင်ငံများရှိ အမေရိကန်တပ်ဖွဲ့များအတွက် ဒုံးကျည်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ပေးရန် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ်အခြေ စိုက် ရေသီယွန်ကာကွယ်ရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး အမေရိ ကန်ပြည်ထောင်စုတွင် ဒုံးကျည်ရန် ကာကွယ်ရေးစနစ် ထုတ်လုပ်ရေးစက်ရုံတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းစာက ထပ်လောင်းဖော်ပြထားသည်။

ကိုးကား - ဟာရက်ဇ်၊ ဘာသာပြန် - ဂျေတီ