တသက်တကျွန်းကျခံနေရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ပြစ်ဒဏ်လျော့ပေါ့ခွင့်ရ

06-Dec-2020

နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘောရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်တဲ့ မွေးနေ့မှာ အကျဉ်းသား ၃ သောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ်လျော့ပေါ့ ချမှတ်လိုက်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွှေ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်မှုနဲ့ တသက်တကျွန်း ကျခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မပါဝင် သေးပေမယ့် ထောင်ဒဏ်လျော့ပေါ့ခံစားခွင့်သာရတာကြောင့် နှစ် ၅၀ ပြောင်းလဲခွင့်ရသွားတယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“နှစ် ၅၀ ခံစားခွင့်ပြောင်းတယ်ဆိုတာ ရေးထားပါတယ်ခင်ဗျ။ မပါနိုင်သေးဘူးဆိုတာက တကယ်လို့ သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရမယ်ဆိုရင် သူတို့က တသက်တကျွန်းပြောင်းလာခဲ့တာကိုး အဲဒီ တသက်တကျွန်းကို အခု ခံစားနေရတဲ့အချိန်မှာ ဒီအမိန့်အရဆိုရင် နှစ် ၅၀ ကို ပြောင်းသွားတဲ့သဘောပေါ့ခင်ဗျ”

အခုရက်အတွင်းမှာပဲ ဘန်ကောက်မြို့ မြန်မာသံရုံးအရာရှိတွေနဲ့ ရှေ့နေ ဦးအောင်မျိုးသန့်တို့က မြန်မာနိုင်ငံသားနှစ်ဦးကို ထောင်ဝင်စာသွားရောက်တွေ့ဆုံပြီး အားပေးစကားသွားပြောဖို့ရှိတယ်လို့ သူက ပြောပါတယ်။

ပုံမှန်အားဖြင့် နှစ်လတစ်ကြိမ် သုံးလတစ်ကြိမ် ထောင်ဝင်စာ သွားတွေ့ခဲ့ပေမယ့် အခုနှစ်မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကိစ္စနဲ့ ကိုဗစ်အရေးပေါ်ကာလ ကန့်သတ်ချက်တွေကြောင့် ထောင်ဝင်စာ သွားမတွေ့နိုင်ခဲ့ဘူးလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ထိုင်းဘုရင်ရဲ့ မယ်တော် သီရိခက် သက်တော် ၈၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းမှာ အကျဉ်းသား ၃ သောင်းခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ် သုံးဦး အပါအဝင် အကျဉ်းသား ၂ သောင်းကို ထောင်ဒဏ် လျော့ပေါ့ချမှတ်မယ်လို့ ထုတ်ပြန်ခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

“သူတို့က ငယ်ရွယ်သူတွေဆိုတော့ ဒီလိုဆိုရင် အလားအလာကောင်းပါတယ်။ ထိုင်းနိုင်ငံရဲ့ သဘောတရားက ဒီလိုတသက်တကျွန်းကနေ နှစ် ၅၀ ပြောင်းလာပြီဆိုရင် နောက်တခါ လွတ်ငြိမ်းချမ်းသာထဲပါရင် ၁၀ ခံစားရတဲ့ အနေအထားမျိုးပါ။ အဲဒီလို ၁၀ နှစ်အထိ ရောက်လာပြီဆိုရင်တော့ နှစ်နိုင်ငံ ဥပဒေအရ ညှိနှိုင်းလို့ ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်ခင်ဗျ”

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလုပ်သား နှစ်ဦး ပြစ်ဒဏ်သက်သာခွင့်ရရေးအတွက် သူတို့ကို အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက ထိုင်းဘုရင် မဟာဝီဇယာလောင်ကွန်းဆီကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အသနားခံစာပို့ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရပြီး အဲဒီအမှုမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယက်မှု အပါအဝင် အမှု ၇ မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုကို လိပ်ကျွန်းမှာရှိတဲ့ ကော့စမွေခရိုင် တရားရုံးကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သေဒဏ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ် သူတို့ နှစ်ဦးကို ထိုင်းနိုင်ငံ နွန်ထိဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းချခံနေပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးကို ကူညီဖို့ နိုင်ငံတော် အကြီးအကဲတွေက မှားကြားထားကြောင်းလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလက သတင်းမီဒီယာတွေကို ပြောထားပါတယ်။

သက်ဆိုင်ရာကနေ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး အလုပ်သမားသံအရာရှိတွေ၊ မြန်မာသံအမတ်နဲ့ ထိုင်းနိုင်ငံက လူမှုရေးအသင်းအဖွဲ့တွေက အဆင့်အလိုက် ကူညီနေတယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦး အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိတွေကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေကို ကူညီပေးဖို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က မေတ္တာရပ်ခံထားတာလည်းရှိပါတယ်။

အဲဒီနောက်ပိုင်း အကျဉ်းကျနေသူ နှစ်ဦးကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ထိုင်းနိုင်ငံက ပြန်လည်ပေးပို့ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီရုပ်သံဖိုင်မှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးက မြန်မာနိုင်ငံက မိဘတွေနဲ့ အဆက်အသွယ်မရသလို ကိုဗစ်ကာလဖြစ်နေတာကြောင့် မိဘတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောထားပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံက အကျဉ်းထောင်တွေထဲမှာ နေထိုင်ရတာက အဆင်ပြေပေမယ့် မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေကို ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်ရနိုင်မှာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။