ကိုဗစ် စဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို WHO သွားရောက်စစ်ဆေးခွင့်ရ

18-Dec-2020

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် နိုင်ငံတကာ သုတေသီ ၁၀ ဦးပါ အဖွဲ့တစ်ဖွဲ့ လာမယ့်လမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောပါတယ်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု လုပ်ခွင့်ပြုရေးကို သဘောတူဖို့ တရုတ်နိုင်ငံဘက်က ဝန်လေးနေခဲ့တာပါ။

ဒါကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ဝူဟန်မြို့ဆီ သွားရောက်စစ်ဆေးခွင့်ပြုဖို့ လပေါင်းများစွာ ညှိနှိုင်းခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဝူဟန်မြို့အတွင်းက အသားငါးဈေးတစ်ခုကနေ စတင် ပျံ့နှံ့လာခဲ့တာလို့ ယူဆရပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး ပြန့်ပွားခဲ့တဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကိစ္စနဲ့ ပတ်သက်လို့ အထူးသဖြင့် အမေရိကန်နဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ ကနဦးအခြေအနေကို တရုတ်နိုင်ငံဘက်က ဖုံးဖိဖို့ ကြိုးစားခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက စွပ်စွဲနေပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က ဘာလဲ

ဒီလို သွားရောက် စုံစမ်းတာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ အပြစ်ရှာဖို့ သွားတာ မဟုတ်ဘဲ နောက်တကြိမ် ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဝူဟန်မြို့ကို သွားရောက်မယ့် အဖွဲ့မှာ ပါဝင်တဲ့ ဇီ၀ဗေဒပညာရှင်တဦးက အေပီ သတင်းဌာနကိုပြောပါတယ်။

"အပြစ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရှာဖွေစစ်ဆေးတာ မဟုတ်ပါဘူး" လို့ ဂျာမနီနိုင်ငံ ရောဘတ် ကော့ အင်စတီကျူက ဖာဘီယမ် လင်ဒါ့ဇ် က ဆိုပါတယ်။

"ဘာဖြစ်ခဲ့သလဲဆိုတာ နားလည် သဘောပေါက်ဖို့နဲ့၊ တွေ့ရှိလာခဲ့ရင် အဲဒီသတင်း အချက်အလက်ပေါ် မူတည်ပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို တားဆီးဖို့ ကျွန်တော်တို့ ကြိုးစား အဖြေရှာနိုင်ဖို့ပါ" လို့ သူက ပြောပါတယ်။

အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုး ဘယ်အချိန်မှာ အဆင့်ဆင့် ပျံ့နှံ့ခဲ့သလဲဆိုတာနဲ့ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တာ ဟုတ်မဟုတ် အဖြေရှာဖို့ ဖြစ်တယ်လို့ ဒေါက်တာ လင်ဒါ့ဇ်က ပြောပါတ

ဒီခရီးစဉ်ဟာ သီတင်း လေးပတ် ဒါမှမဟုတ် ငါးပတ်လောက် ကြာနိုင်ဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှု ဘယ်မှာဖြစ်ခဲ့တာလဲ

ဟူဘေးပြည်နယ် ဝူဟန်မြို့မှာရှိတဲ့ "အသားစိမ်း ငါးစိမ်းတွေ ရောင်းချတဲ့ ဈေး" ကနေ ဗိုင်းရပ်စ်ပိုး စတင် ပျံ့နှံ့လာခဲ့ပြီး တိရစ္ဆာန်တွေဆီကနေ လူတွေဆီ ကူးစက်သွားတာလို့ အစောပိုင်းကာလတွေမှာ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ အခုတော့ သတင်းအချက်အလက်တွေ ထပ်မံ ပေါ်ထွက်လာပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လူသားတွေကို ကူးစက်နိုင်စွမ်းရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေအကြား ဆယ်စုနှစ်နဲ့ချီ ပျံ့နှံ့ ရှိနေနိုင်တယ်လို့ လေ့လာချက်တခုမှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဝူဟန် ဗဟိုဆေးရုံက တရုတ် ဆရာဝန် ဒေါက်တာ လီဝမ်လျောင်ဟာ ကူးစက်ရောဂါသစ် တစ်မျိုး ပျံ့နှံ့လာနိုင်ဖွယ် ရှိတဲ့အကြောင်း သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကို သတိပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ " မှားယွင်းတဲ့ သုံးသပ်ပြောဆိုချက်တွေ ရပ်တန်းက ရပ်ဖို့" ရဲတပ်ဖွဲ့က သူ့ကို ပြောခဲ့ပြီး "ကောလဟလတွေ ဖြန့်ဝေခဲ့မှု" နဲ့ သူ့ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလမှာတော့ ဒေါက်တာ လီ ဟာ ဝူဟန်မြို့က ကိုဗစ်လူနာတွေကို ကုသပေးနေရင်း သူကိုယ်တိုင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး ဆုံးပါးသွားခဲ့ပါတယ်။

ဧပြီလမှာတော့ ဗိုင်းရပ်စ်ပိုးဟာ ဝူဟန်မြို့က ဓာတ်ခွဲခန်းတစ်ခုကနေ ယိုထွက် ပြန့်ပွားလာတာ ဖြစ်နိုင်တယ် ဆိုတဲ့ သံသယတွေ၊ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီမှာ ဇီဝလုံခြုံရေးနဲ့ ပတ်သက်လို့ အဲဒီက အမေရိကန် သံရုံး တာဝန်ရှိသူတွေ စိုးရိမ်နေကြတယ် ဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေးကြေးနန်းတွေကနေ သိရပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ လူဖန်တီးတာ ဒါမှမဟုတ် မျိုးဗီဇပိုင်းအရ ဖန်တီးထားတာ မဟုတ်ဘူးဆိုရင် ဓာတ်ခွဲခန်းကနေ ပျံ့နှံ့လာတာလား ဒါမှမဟုတ် တိရစ္ဆာန်တွေဆီကနေ ကူးစက်ခဲ့တာလားဆိုတာကို တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးနေကြတယ်လို့ အဲဒီအချိန်တုန်းက အမေရိကန် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။

မကြာသေးမီတုန်းက တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေမှာတော့ ကိုဗစ်-၁၉ ပိုးဟာ တရုတ်နိုင်ငံပြင်ပကနေ စတင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရေးသားခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေဟာ အထောက်အထား မခိုင်လုံဘူးလို့ သုတေသီတွေက ထောက်ပြခဲ့ကြပြီး ဒီလို ရေးသားနေတာဟာ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် နိုင်ငံတကာမှာ တရုတ်နိုင်ငံရဲ့ပုံရိပ် ထိခိုက်ပျက်စီးသွားမှာကို တရုတ်ခေါင်းဆောင်တွေက စိုးရိမ်နေမှုကို ထင်ဟပ်ပြသနေတယ်လို့ ဆိုပါတယ်။

ဝူဟန်မြို့ကို သွားရောက် စစ်ဆေးခွင့်ရတဲ့အတွက် အဖြေထွက်လာနိုင်မလား

ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးမယ့် လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ အနေနဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေးအရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအကြောင်း အငြင်းပွားမှုတွေ အကြားမှာ ရောထွေး ယှက်နွှယ်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ထရမ့်အစိုးရကတော့ ပြင်းထန်တဲ့ အယူဝါဒတစ်ခုကို အမြဲကိုင်စွဲထားရင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ တရုတ်အပေါ် ဆက်ဆံတာ ပျော့ပြောင်းလွန်းတယ်လို့ စောဒကတက် ပြောခဲ့ပြီး ဝူဟန်မြို့ကို လော့ဒေါင်းချခဲ့တာ၊ စမ်းသပ်စစ်ဆေးမှုတွေ အများကြီး လုပ်ခဲ့တာ၊ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇသင်္ကေတ(genetic code) တွေကို လူသိရှင်ကြား ထုတ်ပြန်တာ စတဲ့ တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက် WHO တာဝန်ရှိသူတွေက ချီးကျူးခဲ့တာတွေကို ဥပမာပေးပြီး ထရမ့်အစိုးရက ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဩစတြေးလျနဲ့ ယူကေတို့ အပါအဝင် တခြားနိုင်ငံ အများအပြားကလည်း စည်းစနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေဟာ သူတို့လိုအပ်တဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေကို တရုတ်အစိုးရဆီက မရခဲ့တဲ့အပေါ် စောဒကတက်နေတဲ့ ဗီဒီယိုနဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်း တွေကို အေပီသတင်းဌာနက ဖွင့်ချခဲ့ပါတယ်။

ဒီနှစ် နွေရာသီမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဖွဲ့ဝင်နှစ်ဦးဟာလည်း ဝူဟန်မြို့ကို သွားခွင့်ပြုဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ အဆင်မပြေဖြစ်ခဲ့ပါတယ်။

အဲဒီခရီးစဉ်ကလည်း အခြေခံကျတဲ့ ဇီဝဗေဒဆိုင်ရာ မေးခွန်းတွေဖြစ်တဲ့ ဒီဗိုင်းရပ်စ်ဟာ လင်းနို့ကနေ ကနဦးမူလ စလာခဲ့တာလား။ လင်းနို့ကနေ လူဆီကို ဗိုင်းရပ်စ် ကူးစက်ဖို့ ကြားခံ တစ်ခုခု ရှိခဲ့သလား။ ဝူဟန်မြို့က ငါးစျေးဟာ ဗိုင်းရပ်စ်ပိုး ကနဦး ကူးစက်မှုရဲ့ အချက်အချာ နေရာလား ဆိုတာ တွေအပေါ် အဓိကထား မေးမြန်းဖို့ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ သတင်းထုတ်ပြန်မှုအပေါ် ဘယ်လို တုန့်ပြန်ကြသလဲ

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီးအပေါ် တရုတ်နိုင်ငံရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ် ကျန်းမာရေးအစီအစဉ် အကြီးအကဲ ဒေါက်တာ မိုက်ခ် ရိုင်ယန်က "စိန်ခေါ်မှုက ကြီးမားပေမဲ့ တုန့်ပြန် ဆောင်ရွက်မှုက အံ့မခန်းစရာပါ"လို့ ဇန်နဝါရီလတုန်းက ထုတ်ဖော် ချီးကျုးခဲ့ပါတယ်။

တရုတ်အစိုးရဟာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇ သင်္ကေတ (genetic code) အကြောင်း သူတို့ သိထားသမျှကို ကိုယ့်သဘောဆန္ဒအလျောက် မြန်မြန်ဆန်ဆန် ပြန်ဝေမျှပေးခဲ့ခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု နှေးကွေးအောင် ကူညီ ဆောင်ရွက်ခဲ့တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတချို့ကတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ပထမဆုံး စတင် ပေါ်ထွက်ခဲ့ချိန်မှာ တရုတ်အစိုးရအနေနဲ့ အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။

မတ်လမှာတော့ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂူဒန် ဂါလီယာက ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အစောပိုင်း ကာလတွေမှာ "အားနည်းချက်တွေ" ရှိခဲ့ကြောင်း၊ ဒါပေမဲ့ အနာဂတ်မှာ ဒီလို မဖြစ်အောင် ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ သုတေသီတွေက လေ့လာ သုံးသပ်ကြမယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောက်ပိုင်းမှာ မစ္စတာထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ဘေကျင်းကို ချီးကျုးပြောဆိုရာမှာ "တရုတ်နိုင်ငံဘက် ရပ်တည်လွန်းတယ်" လို့ ဝေဖန်ပြောဆိုခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေချိန် ကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစောပိုင်း လမ်းညွှန်မှုတွေကြောင့် အဖွဲ့ကြီး အသုံးမကျ ဖြစ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အမေရိကန် နုတ်ထွက်တော့မယ်၊ ရန်ပုံငွေအထောက်အပံ့တွေကိုလည်း တခြားတနေရာမှာ ပြောင်းထောက်ပံ့တော့မယ်လို့ မစ္စတာ ထရမ့်က ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ့် အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထဲမှာ အမေရိကန် ဆက်လက်ပါဝင်နေရေး တာဝန်ယူ လုပ်ဆောင်မယ့် နိုင်ငံခြားရေး မူဝါဒအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်။

BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။