တိုက်ပွဲတွေကြား ကလေးငယ်တွေ အသုံးချခံနေရဆဲလို့ HRW ပြော

20-Nov-2020

ကုလသမဂ္ဂက မြန်မာ့တပ်မတော်ကို ကလေးစစ်သားစုဆောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စာရင်းကနေ ဖယ်ရှားထား ပြီးဖြစ်ပေမယ့် ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ ကလေးငယ်တွေဟာ အသုံးချခံနေရဆဲဖြစ်လို့ နာမည်ပျက်စာရင်း မှာ ပြန်လည်ထည့်သွင်းဖို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က တိုက်တွန်းလိုက် ပါတယ်။

ကုလသမဂ္ဂက ကလေးစစ်သားအသုံးပြုသူ စာရင်းထဲကနေ ထုတ်လိုက်ပြီဆိုရင် တပ်မတော်ဟာ ကလေးတွေကို အသုံးပြုနေတာ ချက်ချင်းရပ်ပစ်ဖို့လိုသလို အသုံးချနေတာတွေကိုလည်း ကာကွယ်ပေးရတော့မှာဖြစ်ပေမယ့် လက်တလောဖြစ်တဲ့ တိုက်ပွဲတွေမှာ ကလေးတွေက အသုံးချခံနေရဆဲပဲလို့ HRW က ပြစ်တင်ဝေဖန်လိုက်တာပါ။ 

မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ ဒေသခံတွေနဲ့ ကလေးငယ်တွေကို အသုံးပြုခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်ဆိုပြီး HRW က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ပြင်ရှည်ရွာဘက်မှာ နွားကျောင်းနေကြတဲ့ မွတ်ဆလင်ရိုဟင်ဂျာကလေးတွေနဲ့ လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်သွားရာကနေ တိုက်ပွဲနဲ့ကြုံရလို့ ကလေးနှစ်ယောက်သေဆုံးပြီး လူကြီးတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

ပြင်ရှည်ကျေးရွာက အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက အဲဒီဖြစ်ရပ်ကြောင့် ရွာသားတွေဟာ အခုအချိန်အထိ ကြောက်လန့်နေကြရဆဲပဲလို့ ပြောပါတယ်။

“တိုက်ပွဲကြုံရင် လူတွေထိခိုက်သွားမှာကို ရွာသားတွေက ကြောက်နေကြပါတယ်။ အခုတပ်ကလူတွေ လာရင် လည်း ရှောင်ပြေးနေကြပါတယ်။ ရွာမှာ အဲဒီလိုမျိုးဖြစ်နေတယ်။ သူတို့နဲ့တွေ့ရင် ထပ်ပြီးခေါ်ဆောင်ခံရမှာ တို့ကို စိုးရိမ်နေတာပါ။ ကျွန်တော်တို့ဆီမှာတော့ တပ်မတော်ကို တရားစွဲလို့မရဘူး။ သူ့တို့တစ်ခုခုလုပ်မှာကို ကျွန်တော်တို့ တအားကြောက်တယ်။ အဲဒါလုပ်လို့တော့မရဘူး။ နိုင်ငံတကာကလုပ်တာကို ကျွန်တော်တို့ ပိုပြီးဝမ်းသာနေတာပါ။ နောက်နောင်ဒီလိုမျိုးမဖြစ်အောင် လုပ်ပေးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပိုပြီး ဝမ်းသာမှာပါ”

ဒီဖြစ်ရပ်ဟာ တပ်မတော်က AA လက်နက်ကိုင်အဖွဲ့ကို စစ်ဆင်ရာမှာ မိုင်းရှင်းစေရေးအတွက် အသုံးပြုခဲ့တာ ဖြစ်သလို ကလေးတွေကို စစ်ဆင်ရေးမှာ သုံးတာနဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း HRW က ထောက်ပြပါတယ်။

ဒါဟာ စာရင်းထဲကနေ အဖျက်ခံထားရတဲ့သူတွေ လိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်လိုက်တာပဲလို့လည်း ပြစ်တင်ပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသာမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက တပ်မတော်က စစ်ရေးသတင်းအချက်အလက်တွေကို ကလေးတွေဆီက ရယူဖို့ကြိုးစားလာတာတွေကို အခုနောက်ပိုင်း ပိုတွေ့လာရတယ်လို့ ပြောပါတယ်။

“အခုနောက်ပိုင်းမှာ ခဏခဏတွေ့နေရတယ်ပေါ့နော်။ စစ်ကြောင်းတွေ ကျေးရွာထဲကိုဝင်လာရင် ကျေး ရွာသားတွေကို အကုန်လုံးဖမ်းဆီးပြီးတော့မှ စစ်ဆေးတာပေါ့ဗျာ။ စစ်ဆေးတဲ့အခါမှာလည်း ခဏတစ်ဖြုတ် မဟုတ်ဘဲနဲ့ ၁၅ ရက်၊ တစ်ပတ်အဲဒီလိုစစ်ဆေးတာလည်းရှိလာတယ်ပေါ့။ အဲဒီခါမှာကလေးတွေကိုလည်းပဲ သံသယထဲမှာထည့်ပြီးတော့မှ သော်လည်းကောင်း၊ ဒါမှမဟုတ်လို့ရှိရင် ဒီကလေးတွေကိုလည်းပဲ ထိန်းသိမ်း ပြီးတော့မှ ကလေးတွ ဆီကနေ သတင်းတွေယူရမယ်ဆိုတဲ့ စဉ်းစားချက်တွေကို သုံးလာပြီးတော့မှ အခုနောက် ပိုင်းမှာ ကလေးတွေ ကိုဖမ်းဆီးတာတွေလည်း များလာတယ်ဗျ”

ရခိုင်ပြည်နယ်မှာ နေအိမ်၊ စာသင်ကျောင်း၊ ကလေးငယ်တွေ ဆော့ကစားရာ နေရာတွေအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံး ဒဏ်ရာရကြတာ၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရသူ တွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တာ၊ မြေမြှုပ်မိုင်းလို စစ်သုံးပစ္စည်းတွေကြောင့် ကလေးတွေ ထိခိုက်ရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာ့တပ်မတော်ကို တိုက်ပွဲတွေကြား ကလေးငယ်တွေ အသုံးပြုသူစာရင်းမှာ ပြန်ထည့်သင့်တယ်လို့ ယူဆသူတွေထဲ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း လည်း ပါဝင်ပါတယ်။

“ပြန်ကတော့ ထည့်သင့်တယ်။ ဘာကြောင့်လည်းဆိုရင် အထူးသဖြင့် စစ်တပ်က ပွင့်လင်းမြင်သာမှုမရှိတာ ပေါ့နော်။ နိုင်ငံတကာမှာဆိုရင် သူတို့စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဝင်ပြီးတော့ စစ်ဆေးတာဖြစ်ဖြစ်၊ လေ့လာတာဖြစ်ဖြစ် လုပ်ခွင့်ရှိတဲ့ အနေအထားတွေရှိတယ်။ ဒီနိုင်ငံမှာ အဲ့လိုမျိုး ပွင့်လင်းမြင်သာမှုက မရှိဘူး။ စစ်သားစုဆောင်းမှုမလုပ်ဘူးသာပြောတာ တကယ်တမ်းကျတော့ အပြင်မှာ နည်းလမ်းမျိုးစုံနဲ့ သုံးနေတဲ့ ကိစ္စတွေ ကျွန်တော်တို့ ပြန်ကြားနေရတယ်။”

ပြည်တွင်းစစ်တွေရှိနေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်ဘက်ကို သံသယကင်းအောင် တပ်သားတွေကို ဘယ်လို စုဆောင်းနေတယ်ဆိုတဲ့ အချက်တွေကို အများမြင်သာအောင် ထုတ်ပြန်ပေးဖို့နဲ့ တပ်မတော်အနေနဲ့ ကလေး စစ်သားအသုံးပြုမှု မရှိတော့ကြောင်းကို ကုလသမဂ္ဂအပါအဝင် လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးနိုင်မယ့် ယန္တရားဖော်ဆောင်ပေးဖို့ ကိုနစ်ကီဒိုင်းမွန်း က တိုက်တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးမောင်မောင်လေးက ၂၀၁၀ နောက်ပိုင်း ကလေးစစ်သားစုဆောင်းမှုနဲ့ ပတ်သက်ပြီး တိုင်တန်းတာ တစ်နှစ်ကို ၁၀ မှု ထပ်မကျော်တော့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လို့ သွယ်ဝိုက်တဲ့နည်းနဲ့ ကလေးငယ်တွေ စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေရတာတွေ ရှိနေတာမို့ ကုလသမဂ္ဂအနေနဲ့ အချိန်ယူလေ့လာသင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

“ကုလသမဂ္ဂအနေနဲ့ ဒါတွေကို အချိန်ယူပြီး သေသေချာချာ စိစစ်သင့်တယ်ပေါ့ဗျာ။ ကလေးစစ်သားအဖြစ် တိုက်ရိုက်စုဆောင်းတာမဟုတ်ပေမယ့် စစ်ရေးနဲ့ တိုက်ရိုက်မဆိုင်တဲ့ကိစ္စတွေ လက်နက်ကိုင်အဖွဲ့အစည်း တွေက သုံးစွဲလေ့သုံးစွဲထရှိပါတယ်။ လမ်းပြအနေနဲ့သော်လည်းကောင်း၊ သတင်းအချက်အလက်ရယူဖို့ သော်လည်းကောင်း၊ အရံစစ်သည်အဖြစ် တပ်ထဲမှာ တခြားတခြားသော တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်နေတဲ့ကိစ္စတွေလည်း အများကြီးရှိနိုင်ပါတယ်။ စစ်တိုက်ခိုင်းတာမှ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံက သဘောတူလက်မှတ်ပါဝင်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှာလည်း “စစ်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားကြရတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အစိုးရက တတ်နိုင်သမျှလုပ်ဆောင်ကြရမယ်”လို့ပါရှိပါတယ်။

ဒီသဘောတူစာချုပ်အရ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂထံ အစီရင်ခံစာတင်ရမှာပါ။

အဲဒီအချိန်မှာ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ကျူးလွန်နေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေကို မတားဆီး နိုင်ရင် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာယန္တရားမှာ ပြစ်တင်ရှုံ့ချခံရနိုင်တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလိုကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားလာလို့ရှိရင် လျစ်လျူရှု ထားတာမရှိဘူးလို့ RFA ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ဖြေထားပါတယ်။

“တပ်မတော်နဲ့ အစိုးရအနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာမှ မဟုတ်ပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားတဲ့နေရာမှာ အစိုးရကိုရော တပ်မတော်ကိုရော အကြောင်းကြားတာတွေရှိလာရင် နစ်နာသူတွေက တိုင်ကြားတာတွေရှိလာရင် ကျွန်တော်တို့က စုံစမ်းပြီးတော့မှ မပျက်မကွက် ဆောင်ရွက်ပေးလျက် ရှိပါတယ်”

HRW ရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့တွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ တုံ့ပြန်ချက်ကို သိရဖို့ RFA က ဒီနေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့တဲ့ ဇွန်လက မြန်မာ့တပ်မတော်ကို ကလေး စစ်သား အသုံးပြုသူစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုစာရင်းကနေ ပယ်ဖျက်လိုက်တာကို ပြန်ထည့်သွင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပြီး မြန်မာအစိုးရတာဝန်ရှိသူတွေကလည်း ကလေးစစ်သား စုဆောင်းမှုစာရင်းထဲ ပြန်မဝင်အောင် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောဆိုနေကြတာပါ။

လှုပ်ရှားဆောင်ရွက်မှုအနေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူ တွေပါတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ်  ကြီးမားတဲ့ကျူးလွန်မှုများ ကာကွယ်တားဆီး ရေးကော်မတီက တိုင်ကြားလွှာလက်ခံရေးဌာန ဖွင့်လှစ်နိုင်ဖို့ရှိနေပါတယ်။

တိုင်ကြားလွှာလက်ခံရေးဌာနဖွင့်ဖို့ သမ္မတရုံးက ခွင့်ပြုချက် ရထားပြီဖြစ်ပြီး တိုင်ကြားနိုင်မယ့် အီးမေးလ်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ပြည်ထောင်စုအစိုးရက  သတင်းထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားတာမရှိပါဘူး။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက တပ်မတော် အောက်ခြေတပ်ဖွဲ့ တွေက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတော် အကြီးအကဲတွေကိုတင်ပြပေမယ့်လည်း ထူးခြားမှုမရှိဘူးလို့ပြောပါတယ်။

“ကျောက်တော်မြို့နယ်မှာ စစ်ရေးနဲ့ ပတ်သက်ပြီးတော့မှ စုံစမ်းစစ်ဆေးမှုမှာဒဏ်ရာရပြီး ပြန်ရောက် လာသူတွေရှိတယ်။ တချို့ကတော့ စစ်ကြောရေးမှာ သေဆုံးသွားကြတယ်ပေါ့လေ။ တချို့က အလောင်း ရောက်တယ်ပေါ့။ ဒီလိုအနေအထားတွေရှိတဲ့ အခြေအနေကို ကျွန်တော်တို့ ဥပဒေနဲ့အညီဒါတွေကို စီစစ်ဖော်ထုတ်ပေးဖို့၊ ဥပဒေအရ ဆက်လက်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ ကိုလည်း ကျွန်တော်တို့တိုင်ကြားစာတွေ ပို့ခဲ့တယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အကြီးအကဲတွေဆီကိုလည်း တိုင်ကြားစာတွေပို့ခဲ့တယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့ဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ဖြေထား တယ်ပေါ့လေ။ အဲဒီအထဲမှာ ဒီလူတွေကို ဒီလို ဖြစ်သွားတဲ့အပေါ်မှာခုံရုံးဖွဲ့ပြီးတော့ စစ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို ဒီလိုစာပြန်ဖူးတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အခုချိန်ထိကတော့ ခုံရုံးဖွဲ့ပြီးစစ်တာ၊ ဆေးတာတို့ တစ်စုံတစ်ခုတော့ ဒီနေ့အချိန်ထိ ကျွန်တော်တို့ မကြားရဘူးပေါ့”

စစ်ကြောင်းရှေ့မှာ  အထမ်းသမားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာကို ရပ်ဖို့ အစိုးရအနေနဲ့ တပ်မတော်ကို အများသိအောင် အမိန့်ပေးသင့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အရပ်သားတွေနဲ့ ကလေးတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ အလေ့အထအပေါ် တာဝန်ရှိတဲ့ မြန်မာအာဏာပိုင်တွေကို ပိတ်ဆို့ အရေးယူဖို့ HRW က တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ နယူးယောက်မှာရှိတဲ့  ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အဖွဲ့ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ နိုဝင်ဘာ ၁၈ရက်နေ့က ကြေညာချက်ထုတ်လိုက်ပါတယ်။ အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ၊ လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူတွေအားလုံး အခြေခံလူ့အခွင့်အရေးတွေကို မြန်မာအစိုးရဘက်က အပြည့်အ၀ အကာအကွယ်ပေးဖို့၊ အာမခံချက်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဆိုပြီးလည်း တိုက်တွန်းထားပါတယ်။ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည် နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပျက်နေတာကိုလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။

ဒီလိုဝေဖန်ကန့်ကွက်ချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံးထံ တုန့်ပြန်ချက်ရဖို့ RFA က မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ထံကိုလည်း RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာမရှိတဲ့အတွက် အီးမေးလ်ကတဆင့် မေးခွန်းပေးပို့မေးမြန်းထားပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သားဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မနေ့က အထိ သေဆုံးသူ ၃၀၈ ဦးရှိပြီး ဒဏ်ရာရသူတွေကတော့ ၇၀၁ ဦးအထိ ရှိနေပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်ကနေ လသား အရွယ်အထိ သေဆုံးတဲ့ ကလေးဦးရေ ၄၆ ဦးရှိပြီး ထိခိုက် ဒဏ်ရာရတဲ့ ကလေးက ၁၄၈ ဦးပါဝင်ပါတယ်။

Crd RFA