၂၀၃၀ ပြည့်နှစ် တိုကျိုတွင် ဓာတ်ဆီကားသစ် ရောင်းချမှုများ ပိတ်မည်

10-Dec-2020

တိုကျို ဒီဇင်ဘာ ၉

ဂျပန်နိုင်ငံ၏ မြို့ကြီးတစ်မြို့ဖြစ်သည့် တိုကျိုမြို့တွင် ၂၀၃၀ ပြည့်နှစ်မှ စတင်ကာ ဓာတ်ဆီကားသစ် ရောင်းချ မှုကို ပိတ်ပင်သွားမည်ဟု တိုကျို အုပ်ချုပ်ရေးမှူးက ပြောသည်။

လျှပ်စစ်ကား ရောင်းချမှုကို အားပေးသည့်အနေဖြင့် ယင်းသို့ ပြုလုပ်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၂၀၅၀ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန်အတွက် ယခုလို ရည်မှန်းချက်ကြီးကြီးထား လုပ် ဆောင်ရခြင်းဖြစ်သည်ဟု အုပ်ချုပ် ရေးမှူး ကိုအီကီယူရီကိုက ဒီဇင်ဘာ ၈ ရက်တွင် ပြောသည်။

ကမ္ဘာပေါ်ရှိ မြို့ကြီးများတွင် လည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ် မှုကို သုညအထိ လျှော့ချနိုင်ရေး လုပ်ဆောင်ကြရန် တာဝန်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြား သည်။

၂၀၃၀ ပြည့်နှစ် ရောက်လျှင် တိုကျိုမြို့တွင် ဓာတ်ဆီကားသစ် ရောင်းချမှုကို အဆုံးသတ်မည်ဖြစ် ပြီး ဓာတ်ဆီမော်တော်ဆိုင်ကယ် ရောင်းချမှုကို ၂၀၃၅ ခုနှစ်တွင် အဆုံးသတ်မည်ဖြစ်သည်။ တိုကျိုမြို့ တွင် လျှပ်စစ်ကားသစ်များ ရောင်းချ နိုင်ရေး ရည်မှန်းချက်ထားကာ ဆောင်ရွက်လျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်ဝန်းကျင်များတွင် ဓာတ်ဆီ ကား ရောင်းချမှုကို ပိတ်ပင် နိုင်မည့် ကြေညာချက်မျိုး ထုတ်ပြန် နိုင်ရန် ဂျပန်စက်မှုဝန်ကြီးဌာနက မျှော်လင့်လျက်ရှိသည်။ တိုကျို အုပ်ချုပ်ရေးမှူး၏ ကြေညာချက် အတိုင်း ဂျပန်ကားလုပ်ငန်းရှင်များ သည် သန့်ရှင်းသော စွမ်းအင်သုံး ယာဉ်များ ဖြစ်လာနိုင်ရေး အစီအစဉ် ရေးဆွဲချမှတ်ရတော့မည်ဖြစ်သည်။

အင်န်အိတ်ခ်ျကေ