သမ္မတ Trump ရဲ့ Twitter အကောင့် အပြီးအပိုင် အပိတ်ခံလိုက်ရပြီ

09-Jan-2021

သမ္မတ Donald Trump ရဲ့ Twitter လူမှုကွန်ယက်အကောင့်ကို အပြီးအပိုင် ပိတ်လိုက်ပြီဖြစ်ကြောင်း Twitter က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်ဆူပူမှုတွေ ဖြစ်ပေါ်အောင် နောက်ထပ် သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာမှာစိုးရိန်တဲ့အတွက် အခုလို ပိတ်ပင်လိုက်ရခြင်းဖြစ်ကြောင်း Twitter အုပ်ချုပ်ရေးအဖွဲ့က ဝါရှင်တန် ဒေသစံတော်ချိန် သောကြာနေ့ ညနေမှာ ထုတ်ပြန်တဲ့ ကြောညာချက်မှာ ဖော်ပြထားပါတယ်။

Facebook နဲ့ Instagram လူမှုကွန်ယက် အကောင့်တို့ကလည်း သမ္မတ Trump ရဲ့ အကောင့်တွေကို အချိန်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း၊ အနည်းဆုံး ငြိမ်းချမ်းစွာ အာဏာလွှဲပြီးတဲ့အချိန်အထိ ဖြစ်လိမ့်မယ်လို့ Facebook ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Facebook နဲ့ Instagram လူမှုကွန်ယက် ၂ ခုစလုံးကို Facebook က ပိုင်တာပါ။

ဗုဒ္ဓဟူးနေ့က သမ္မတ Trump ကို ထောက်ခံသူတွေက အမေရိကန်လွှတ်တော်အဆောက်အဦးကို ဝင်ရောက် စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ သမ္မတ Trump ရဲ့ သွေးထိုး လှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းတဲ့ ဇန်နဝါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာဘဲ Twitter က သမ္မတ Trump ရဲ့ အကောင့်ကို ၁၂ နာရီကြာ ယာယီ ပိတ်ပင်ခဲ့ပါတယ်။

မနေ့က သူ့အကောင့် ပြန်ရတဲ့အချိန်မှာတော့ သူ့အနေနဲ့ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရအဖွဲ့ကို အဆင်ပြေ ချောမွေ့စွာ အာဏာလွဲပြောင်းရေးအတွက် အလေးပေး လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတ Trump က သူ့ရဲ့ Twitter အကောင့်ကနေ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အကောင့်ကို အခုလို အပြီးအပိုင် ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ သမ္မတ Trump ဘက်က အခုချိန်ထိ တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

VOA News