ဟားခါးမြို့တွင် အနိမ့်ဆုံးအပူချိန် အနုတ် ၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ရောက်ရှိခဲ့ပြီး ရေခဲသည်အထိ အအေးပို

21-Dec-2020

ဟားခါး ဒီဇင်ဘာ ၂၀

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် ယမန်နေ့ နံနက် ၆ နာရီခွဲက တိုင်းတာချက်အရ အနိမ့်ဆုံးအပူချိန် သုညဒီဂရီအောက်(အနုတ် ၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်)ရောက်ခဲ့ပြီး ရေခဲသည်အထိ အအေးပိုကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ ဟားခါးမြို့မှာ ယမန်နေ့ နံနက်ပိုင်းတိုင်းတာချက်အရ အပူချိန်အနိမ့်ဆုံး အနုတ် ၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိပြီး ရေတောင် ခဲသွားတယ်။ ဒီနှစ်တော့ ဆောင်းရာသီက ပိုအေးတယ်လို့ ခံစားရတယ်။ အရင်နှစ်က ဒီဇင်ဘာတတိယပတ် လောက်၊ ဒါမှမဟုတ် ဇန်နဝါရီလလယ်လောက်ကျမှ နှင်းခဲပြီးအေးတာ။ ဒီနှစ် မှာတော့ သုညဒီဂရီအောက်ရောက်လာတော့ နေဝင်တာနဲ့ ချက်ချင်းအေးတော့ တာပဲ။ အရင်နှစ်တွေတုန်းကတော့ အအေးဆုံးအနုတ် ၄ ဒီဂရီစင်တီဂရိတ် အထိပဲရှိခဲ့ဖူးတယ် ” ဟု ချင်းပြည်နယ် ဟားခါးဒေသခံ ဒေါ်နှီရ်ငန်းက ပြောသည်။

“ချင်းပြည်နယ်မှာတောင် တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ဟားခါးမှာ တော့ တခြားမြို့တွေထက် ပိုအေးတယ်။ ဟားခါးမှာ ဒီနေ့ နံနက် ၆နာရီခွဲတိုင်းတာချက်အရ အနုတ် သုည ဒသမ ၇ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ထက် အပူချိန်မြင့်လာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ပုံမှန်ထက် အပူချိန်လျော့နိုင်ပါတယ်။ ချင်းပြည်နယ်ကတော့ ပုံမှန်အပူချိန်က (+၁)ကနေ(-၁)ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိလေ့ရှိပါတယ် ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်၍ ချမ်းအေးသောရာသီဥတုရှိပြီး ဧပြီလနှင့်မေလသည် အပူဆုံးလဖြစ်သည်။ ချင်းပြည်နယ်တွင် ဒီဇင်ဘာလဆန်း ပိုင်းမှအစပြု၍ ချင်းတောင်ပေါ်မြို့နယ်များနှင့် ချင်းတောင်ခြေရှိ မြို့နယ်များ၌ ဆောင်းကာလရောက်လာသည်နှင့်အမျှ တဖြည်းဖြည်းချမ်းအေးလာပြီး ဒီဇင်ဘာလနောက်ဆုံးပတ်နှင့် ဇန်နဝါရီလတို့တွင် အအေးဒဏ်ပို၍ လွန်ကဲ လေ့ရှိကြောင်း သိရသည်။

ချင်းတွင်းသား