Myanmar Tradenet 2.0 စနစ် အသုံးပြု၍ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ လျှောက်ထားနိုင်

10-Nov-2020

ရန်ကုန် နိုဝင်ဘာ ၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လက်ရှိဆောင်ရွက်လျက် ရှိသော ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား အဆင့်မြှင့်တင် ထားသည့် Myanmar Tradenet 2.0 စနစ်ကိုအသုံးပြု၍ ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များ လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

လျှောက်ထားနိုင်

အဆိုပါ Myanmar Tradenet 2.0 တွင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှု များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ပထမဦးစွာ Tradenet 2.0 အသင်းဝင်ဖြစ်ရန်လိုအပ်ကာ အသင်းဝင်ဖြစ်ပြီးပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း(ပသက) လျှောက်ထားနိုင်မည်ဖြစ်၍ ပသကရရှိပြီးပါက ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များအား ဆက်လက် လျှောက်ထားနိုင်ကြမည်ဖြစ်သည်။

ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား အဆင့်မြှင့်တင်ထား သည့် Myanmar Tradenet 2.0 စနစ်တွင် ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်နှင့် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်၊ လိုင်စင်အတွက်လိုအပ်သည့် ထောက်ခံချက်ပေးသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ စနစ်အတွင်း ဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် အီလက်ထရွန်နစ် ဒေတာ အပြန်အလှန်ချိတ်ဆက်ပေးပို့နိုင်ခြင်း၊ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO)Form များ ထုတ်ပေးခြင်း စသည့်လုပ်ငန်းရပ်များအား အွန်လိုင်းမှ လျှောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကျင်းပ

Myanmar Tradenet 2.0 စနစ်အား နိုဝင်ဘာ ၁ ရက်မှစတင်၍ အဆင့်လိုက်လွှင့်တင်လျက်ရှိရာ စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ကုန်သည် လုပ်ငန်းရှင်များထံ ဒုတိယအကြိမ် အသိပညာပေးရှင်းလင်းခြင်းကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက Virtual Online စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

စိုးမြင့်အောင်