အလင်္ကာပုလဲပန်း၊ ဂုဏဝုဍ္ဎိ၊ ပုညဝဍ္ဎန

02-Nov-2020

ဗမာစကားနဲ့ ပါဠိစာပေဟာ အလွန်ရင်းနှီးနီးစပ်ပါတယ်။ နီးစပ်လွန်းလို့ ဗမာစကားနဲ့ ပါဠိဟာ သီးခြားဘာသာစကားတွေ ဖြစ်တယ်ဆိုတာကိုတောင် သတိမမူမိသူတွေ အများအပြားရှိကြပါတယ်။

မေတ္တာတို့၊ သစ္စာတို့၊ သဒ္ဓါတို့၊ သီလတို့ဆိုရင် ဗမာစကားလို့ပဲ လူအများက ထင်နေကြပါပြီ။ ဥမ္မာ၊ စန္ဒာ၊ သီတာ၊ ဥက္ကာ၊ ဝဏ္ဏ၊ သူရိန် စတဲ့ နာမည်တွေဆိုရင်လည်း ဗမာနာမည်တွေလို့ပဲ အများက ထင်နေကြပါပြီ။

ဗမာစကားမှာ ပါဠိဟာ သိပ်တွင်ကျယ်နေလို့ ပါဠိမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေတောင် ရောက်နေပါပြီ။ ဥပမာ ပါဠိကိုရှောင်ပြောချင်တယ်ဆိုပါစို့။ မေတ္တာတို့၊ သစ္စာတို့ကို ဗမာလိုပြောပါဆိုရင် တိုတိုရှင်းရှင်းပြောဖို့ရာ အခက်အခဲရှိပါတယ်။ မေတ္တာ၊ သစ္စာလို့ ပါဠိအတိုင်း ပြောလိုက်ရင်တော့ ဘာသာပြန်စရာမလိုဘဲ ဗမာတိုင်းနားလည်ပါတယ်။

ဒါပေမဲ့ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့အတွက် တချို့စကားလုံးတွေဟာ စိမ်းပါတယ်။ ငယ်စဥ်က အသံထွက်ဖို့ အခက်ကြုံဖူးတဲ့ ပါဠိစကားလုံးတချို့ ရှိပါတယ်။ အဲဒါကတော့ “ဝဍ္ဎန”၊ “၀ုဍ္ဎိ” ဆိုတဲ့ စကားလုံးတွေပါ။ ဒီစကားလုံးလေးဟာ ငယ်ငယ်က အသံမထွက်တတ်လို့ ဒုက္ခရောက်သလို အခုကြီးတော့လဲ တမျိုးဒုက္ခပေးပါတယ်။ အသုံးသိပ်နည်းတဲ့ စကားလုံးဆိုတော့ ကွန်ပျူတာမှာ ဘယ်လိုရိုက်ရမယ်ဆိုတာ တော်တော်ရှာယူရပါတယ်။

တခြားသူတွေကို မေးမြန်းစုံစမ်းကြည့်တဲ့အခါ အဲဒီစကားလုံးကို အသံထွက်ဖို့ ခက်ခဲတဲ့သူတွေ တော်တော်များများရှိကြတာကိုလဲ သိရပါတယ်။

ခက်ခဲရတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ လူအမျိုးမျိုးမှာ အခက်အခဲပုံစံ အမျိုးမျိုးရှိတာကိုလဲ တွေ့ရပါတယ်။

တချို့လူတွေက “ဍ္ဎ” ဆိုတဲ့စကားလုံးဟာ ဘာမှန်းကို မသိတာပါ။ စာလုံးနှစ်လုံးဆင့်ထားတာလို့ မသိဘဲ၊ သီးခြားစာလုံးအသစ်လို့ ထင်နေကြသူတွေရှိပါတယ်။ အမှန်က အဲဒီစာလုံးဟာ စာလုံးနှစ်လုံး ဆင့်ထားတာပါ။

တချို့လူတွေကတော့ စာလုံးနှစ်လုံးဆင့်ထားတာလို့ သိပေမဲ့ ဆင့်ထားတဲ့ စာလုံးနှစ်လုံးဟာ ဘာစာလုံးတွေမှန်းမသိကြပါဘူး။ ရေးထားပုံကိုကြည့်ပါ။ “ဍ္ဎ”လို့ ရေးထားတော့ စာလုံးတွေက မသဲကွဲပါဘူး။ နှစ်လုံးဆင့်လို့ သိရင်တောင် ဘာနဲ့ ဘာနဲ့ ဆင့်ထားတယ်ဆိုတာ မရှင်းပါဘူး။ အမှန်တော့ ဍရင်ကောက်နဲ့ ဎရေမှုတ်ကို နှစ်လုံးဆင့်ထားတာပါ။

ဍရင်ကောက်နဲ့ ဎရေမှုတ်ကို ဆင့်ထားတာဆိုပေမဲ့ ဍရင်ကောက်ကို အပေါ်ကသီးခြားထား၊ ဎရေမှုတ်ကို အောက်မှာသီးခြားထားပြီးမရေးဘဲ ဎရေမှုတ်ရဲ့ အတွင်းထဲမှာ ဍရင်ကောက်ကိုထည့်ရေးထားလို့ အမြင်ရှုပ်ထွေးသွားတာပါ။ ဘာ့ကြောင့်အဲသလိုရေးသလဲဆိုတာကလဲ တွေးကြည့်ရင်သိနိုင်ပါတယ်။ ဍရင်ကောက်က တော်တော်ရှည်တဲ့စာလုံးဆိုတော့ ရိုးရိုးနှစ်လုံးဆင့်ရေးရင် အထက်အောက် တော်တော်ရှည်သွားမှာပါ။ လေးကြောင်းမျဥ်းနဲ့ရေးမယ်ဆိုရင် မဆန့်ပါဘူး။ ပုံနှိပ်ရာမှာလဲ အခက်အခဲ ရှိပါတယ်။ ဒါ့ကြောင့် စာပြင်ဆရာတွေက ခဲစာလုံးမှာ ပုံစံသစ်ထွင်လိုက်ရာကနေ ပေါ်လာတဲ့စကားလုံးပါ။

တချို့လူတွေက အဲဒီစာလုံးဟာ ဍရင်ကောက်နဲ့ ဎရေမှုတ်နှစ်လုံးဆင့်ထားတာလို့ သိပေမဲ့ ဘယ်စာလုံးက အထက် ဘယ်စာလုံးက အောက်ဆိုတာ မသိကြပါဘူး။ ကျွန်တော်လဲ ငယ်စဥ်က ဘယ်စာလုံးကအထက်၊ ဘယ်စာလုံးက အောက်ဆိုတာ မသိခဲ့ပါဘူး။ အဲသလို မသိတာဟာ အက္ခရာဖို၊ အက္ခရာမကို ငယ်စဥ်က နားမလည်ခဲ့လို့ပါ။

ပါဠိမှာ အက္ခရာဖို၊ အက္ခရာမဆိုတဲ့ အသုံးရှိပါတယ်။ လုံးဆင့်၊ ပါဋ္ဌ်ဆင့်တွေ ရေးတဲ့အခါ အက္ခရာဖိုက အထက်မှာ အမြဲထားပြီး အက္ခရာမက အောက်မှာပဲ အမြဲရှိရပါတယ်။ အက္ခရာမကို အထက်ကထားပြီး အက္ခရာဖိုကို အောက်က ထားရိုးထုံးစံမရှိပါဘူး။ ပါဠိစာပေသဘောအရ ပထမအက္ခရာ အားလုံးဟာ အက္ခရာဖို ဖြစ်ပါတယ်။ ဒုတိယအက္ခရာအားလုံးဟာ အက္ခရာမ ဖြစ်ပါတယ်။ တတိယ အက္ခရာအားလုံးဟာ အက္ခရာဖို ဖြစ်ပြီး စတုတ္ထအက္ခရာ အားလုံးဟာ အက္ခရာမ ဖြစ်ပါတယ်။ ဆိုလိုတာက ပထမအက္ခရာနဲ့ ဒုတိယ အက္ခရာတွေ ဆင့်ရင် ပထမအက္ခရာတွေက အမြဲအပေါ်မှာနေပြီး ဒုတိယအက္ခရာတွေက အမြဲအောက်မှာနေပါတယ်။ တတိယအက္ခရာနဲ့ စတုတ္ထ အက္ခရာတွေ ဆင့်ရင် တတိယအက္ခရာတွေက အမြဲအပေါ်မှာ နေပြီး စတုတ္ထအက္ခရာတွေက အမြဲ အောက်မှာနေပါတယ်။ ကကြီးနဲ့ ခခွေးဆိုရင် ကကြီးက အမြဲအပေါ်ကထားပြီး စာလုံးဆင့်ပါတယ်။ တဝမ်းပူနဲ့ ထဆင်ထူးဆိုရင် တဝမ်းပူက အမြဲအပေါ်က ထားပြီး စာလုံးဆင့်ပါတယ်။ ဒဒွေးနဲ့ ဓအောက်ချိုင့်ဆိုရင် ဒဒွေးက အမြဲအပေါ်ကနေပြီး ဓအောက်ချိုင့်က အမြဲအောက်ကနေပါတယ်။ ဒါ့ကြောင့် ဍရင်ကောက်နဲ့ ဎရေမှုတ်ဆိုရင်လဲ တတိယအက္ခရာ သို့မဟုတ် အက္ခရာဖို ဖြစ်တဲ့ ဍရင်ကောက်ဟာ စတုတ္ထအက္ခရာ သို့မဟုတ် အက္ခရာမ ဖြစ်တဲ့ ဎရေမှုတ်ရဲ့ အထက်မှာ အမြဲရှိရမှာပါ။ အဲသလို အက္ခရာဖို၊ အက္ခရာမရဲ့ သဘောသဘာဝကို နားလည်ခဲ့ရင် စောစောက စာလုံးမှာ ဘယ်စာလုံးက အပေါ် ဘယ်စာလုံးက အောက်ဆိုတာ ရေးထားတဲ့ပုံစံက မရှင်းပေမဲ့ အလိုလို သိနိုင်ပါတယ်။

“ပါဠိမှာ လုံးဆင့်ပါဋ္ဌ်ဆင့်ရေးတဲ့အခါ”လို့ ပြောထားတာကို သတိထားကြမိပါလိမ့်မယ်။ ဘာလို့ ပါဠိမှာလို့ အလေးအနက်ထားပြောသလဲဆိုတော့ ဗမာစာ၊ ဗမာစကားမှာ လုံးဆင့်ပါဋ္ဌ်ဆင့်မရှိလို့ပါ။ ဗမာစကားစစ်စစ်မှာ နှစ်လုံးဆင့် မရှိပါဘူး။ နှစ်လုံးဆင့်ထားရင် ပါဠိသို့မဟုတ် တခြားဘာသာစကားက လာတဲ့ စကားမို့လို့သာ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ပါဠိကို တုပပြီး နှစ်လုံးဆင့်ရေးထားတဲ့ ဗမာစကား နည်းနည်းလေးပဲ ရှိပါတယ်။ အဲဒါတွေက သေတ္တာ၊ လိမ္မာ၊ ရမ္မက်ဆိုတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ တခြားလဲ နှစ်လုံးသုံးလုံး ရှိချင်ရှိပါလိမ့်မယ်။ များများမရှိပါဘူး။

မြန်မာသတ်ပုံကျမ်းကို အသစ်တည်းဖြတ်ထုတ်ဝေလိုက်တဲ့ အထဲမှာ ဂုဏဝုဒ္ဓိ ဆိုတဲ့ ရေးထုံး အပြင် ဂုဏ၀ုဍ္ဎိလို့လဲ ရေးနိုင်ကြောင်း ဖြည့်စွက်ပြဋ္ဌာန်းလိုက်ပါတယ်။ ဘာ့ကြောင့် အဲသလို ပြဋ္ဌာန်းတာလဲဆိုတော့ မူရင်းပါဠိမှာလဲ အဲဒီနှစ်မျိုးစလုံး ရေးထုံးရှိနေလို့ပါလို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။ အဓိပ္ပာယ်ကတော့ အတူတူပါပဲလို့ ဆရာကြီးက ဆိုပါတယ်။ ဝုဒ္ဓိ သို့မဟုတ် ဝုဍ္ဎိဟာ ကြီးမားတာ၊ ကြီးပွားတာ ဖြစ်ပါတယ်။ ဂုဏဝုဒ္ဓိ၊ ဂုဏဝုဍ္ဎိဆိုတာ ဂုဏ်ကြီးမားတာ ဖြစ်ပါတယ်။ ဝယဝုဒ္ဓိ၊ ဝယဝုဍ္ဎိ ဆိုတာကတော့ သက်ကြီးဝါကြီးကို ဆိုလိုတာ ဖြစ်ပါတယ်။

ပုညဝဍ္ဎန၊ ကုသလဝဍ္ဎန၊ အာယုဝဍ္ဎန ဆိုတဲ့စကားလုံးတွေမှာပါတဲ့ ဝဍ္ဎနဟာလည်း ဝုဍ္ဎိနဲ့ အဓိပ္ပာယ် အတူတူပဲလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ပုညဝဍ္ဎနဆိုတာ ကောင်းမှုပွားများခြင်း၊ ကုသလဝဍ္ဎန ဆိုတာက ကုသိုလ်ပွားများခြင်း၊ အာယုဝဍ္ဎန ဆိုတာက အသက်ရှည်ခြင်း ဖြစ်ပါတယ်။

ဝဍ္ဎန ဆိုတဲ့စကားလုံးကို ငယ်ငယ်က ဘယ်လိုအသံထွက်ရမှန်းတောင် မသိခဲ့ဘူးလို့ ဆရာကြီး ဦးထွန်းတင့်ကို ပြောမိပါတယ်။ ဋသံလျင်းချိတ်နဲ့ စတဲ့ အတန်းက ဗမာစကားမှာ လုံးဝမရှိပါဘူး။ ပါဠိအတွက်သက်သက်ပဲ သုံးတဲ့ စာလုံးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးနည်းပါတယ်။ အဲဒီအတန်းမှာပါတဲ့ ဍရင်ကောက်နဲ့ သတ်တာကို ဘယ်လိုအသံထွက်ရမလဲ၊ ဎရေမှုတ်ကို ဘယ်လို အသံထွက်ရမလဲဆိုတာ ရုတ်တရက် မသိခဲ့ဘူးလို့ ဆရာကြီး ဦးထွန်းတင့်ကို ပြောမိတော့ ဆရာကြီးက ရယ်ပါတယ်။

“ကိုသိမ်းမြတ်ကလဲ။ ဘာလို့ ခက်နေရတာလဲဗျာ။ ဗမာစကားမှာ ဋသံလျင်းချိတ် အတန်းနဲ့ တဝမ်းပူအတန်းက အသံထွက်အတူတူပဲဟာကို။ ပါဠိမှာတော့ နည်းနည်းကွာတယ်ဗျ။ ဗမာစကားမှာ ဋသံလျင်းချိတ်တန်းနဲ့ တဝမ်းပူတန်းက အသံထွက်အတူတူပဲဆိုတော့ ဋသံလျင်းချိတ်တန်းက စာလုံးတွေဆင့်ထားတာကို အသံမထွက်တတ်ရင် ဍရင်ကောက်ကို ဒဒွေးနဲ့ ဖလှယ်၊ ဎရေမှုတ်ကို ဓအောက်ချိုင့်နဲ့ ဖလှယ်ပြီး အသံထွက်ကြည့်လိုက်ပေါ့ဗျာ။ အဲဒါအတူတူပါပဲ” လို့ ဆရာကြီးက ဆိုပါတယ်။

သြော် ဒီလိုဆိုတော့လဲ အလွန်လွယ်တာပါပဲလား။ ပုညဝဍ္ဎန ကိုအသံမထွက်တတ်ရင် ဒဒွေး ဓအောက်ချိုင့်နဲ့ဖလှယ်ပြီး ပုညဝဒ္ဓန လို့ပြောင်းပြီး အသံထွက်ကြည့်လိုက်ပေါ့။ ဒါဆိုအသံမထွက်တတ်စရာမရှိတော့ပါဘူး။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ စကားလုံးတွေ ဖြစ်သွားပါပြီ။

ကိုယ်လဲ ဗမာလူမျိုး၊ ဗမာစာ၊ ဗမာစကားကို တတ်ကျွမ်းပြီးသားလို့ ထင်ထားပေမဲ့ ဆရာကြီးပြောလိုက်တော့မှ လွယ်ကူသွားတာပါ။ ငပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဘူးဆိုတဲ့ ဗမာစကားပုံဟာ တယ်မှန်ပါကလား။

Crd BBC News