အိမ်ဖြူတော်ကနေ ထွက်ဖို့ ထရမ့် ငြင်းရင် ဘာဖြစ်မလဲ

12-Nov-2020

နှစ်ပေါင်း ၂၄၄ နှစ်ကြာ အမေရိကန်သမိုင်းတလျှောက်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အိမ်ဖြူတော်ကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တဲ့ သမ္မတ တဦးတယောက်မှ မရှိခဲ့ဖူးပါဘူး။

တရားဥပဒေနဲ့အညီ အေးချမ်းတည်ငြိမ်စွာနဲ့ အာဏာလွှဲပြောင်းရေးဟာ အမေရိကန် ဒီမိုကရေစီရဲ့ ဝိသေသ လက္ခဏာ တခုလို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ ဒီနှစ် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်ခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ ကြေညာချက်ကြောင့် တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေသစ်တရပ် ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီအခြေအနေကြောင့် အရင်တုန်းက မတွေးထားဖူးတဲ့ ဖြစ်နိုင်ခြေအလားအလားတွေကို ဆင်ခြင်သုံးသပ်နေတဲ့ နိုင်ငံရေး အကဲခတ်သူတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရသူ ကြေညာဖို့ စောသေးတယ်

ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အနိုင်ရတယ်လို့ အမေရိကန် သတင်းမီဒီယာကြီးတွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာစဉ်မှာ သမ္မတ ထရမ့်က ဝါရှင်တန်ဒီစီ အပြင်ဘက်မှာ ဂေါက်ရိုက်နေခဲ့ပါတယ်။

အဲဒီလို ကြေညာပြီး မကြာခင်မှာ သမ္မတ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က "ရွေးကောက်ပွဲ မပြီးသေးဘဲ ဖြေရှင်းစရာတွေ အများကြီး ရှိသေးတယ် "ဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

"ရွေးကောက်ပွဲ အနိုင်ရသူတဦးလို့ ဟန်ဆောင်နေဖို့ ဂျိုးဘိုင်ဒန် ဘာကြောင့် အလျင်စလို ဖြစ်နေတာလဲဆိုတာနဲ့ သူ့ မဟာမိတ် မီဒီယာအဖွဲ့အစည်းတွေက ဘာကြောင့် သူ့ကို အသည်းအသန် ကူညီနေတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ သူတို့က အမှန်တရား ထွက်ပေါ်လာမှာကို မလိုလားကြဘူး " လို့ အဲဒီထုတ်ပြန်ချက်မှာ မစ္စတာ ထရမ့်က ပြောထားပါတယ်။

"ရွေးကောက်ပွဲ မပြီးသေးဘဲ ဖြေရှင်းစရာတွေ အများကြီး ရှိသေးတယ် " လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး လက်ရှိထွက်လာတဲ့ မဲရလဒ်တွေကို ဆန့်ကျင်ပြီး တရားစွဲဆိုဖို့ မစ္စတာ ထရမ့် ဆက်လုပ်သွားဖွယ် ရှိနေပါတယ်။

လက်ရှိ သမ္မတ သက်တမ်းဟာ "ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းတည့်ချိန်မှာ " ကုန်ဆုံးမှာ ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ သမ္မတတယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ မဲ ၂၇၀ ကျော်ထက် ကျော်လွန်ပြီး အနိုင်ရထားပါတယ်။

ဒေါ်နယ်ထရမ့်ကလည်း ရွေးကောက်ပွဲရလဒ်ကို စောဒကတက်ဖို့ သူ အသုံးပြုနိုင်သေးတဲ့ ဥပဒေပိုင်းဆိုင်ရာ အထောက်အထားတွေ ရှိပါတယ်။

ဒါပေမဲ့ သိပ်မကြာခင် ကာလအတွင်း တရားရုံးတွေမှာ မထင်မှတ်တဲ့ အပြောင်းအလဲတခု ထွက်မလာတာ၊ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ သူစွပ်စွဲနေသလို ရွေးကောက်ပွဲမှာ မမှန်မကန်လုပ်မှုတွေ ရှိခဲ့တယ်ဆိုတာကို သက်သေမပြနိုင်ဘူးရင် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ အသစ် လွှဲပြောင်းတာဝန်ထမ်းဆောင်ရမယ့် နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ မစ္စတာ ထရမ့်ဟာ ရာထူးက ဆင်းပေးရမှာ ဖြစ်ပါတယ်။

သတ်မှတ်ကြေညာထားပြီးသား နေရာ

မစ္စတာ ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး တလျှောက်လုံး သူရှုံးနိမ့်မှုကို လက်ခံမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။

သူရှုံးနိမ့်နိုင်တဲ့ တခုတည်းသော အကြောင်းအရင်းက ရွေးကောက်ပွဲ အခိုးခံရမှသာ ဖြစ်မှာလို့လည်း အရိပ်အမြွက် ပြောဆိုထားပြီး

ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ဘာပဲပြောပြော သူ သမ္မတအဖြစ် ဆက်လက် တာဝန်ယူသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကိုလည်း တလျှောက်လုံး ပြောဆိုခဲ့တာပါ။

မစ္စတာ ထရမ့်အနေနဲ့ သူခြိမ်းခြောက်မှုအတိုင်း ဆက်လုပ်ပြီး အာဏာကို ဆုပ်ကိုင်ထားဖို့ ကြိုးစားမယ်ဆိုရင် ဘာဆက်ဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်လို့ အမေရိကန်မှာ စတင် ဆွေးနွေးလာကြပါတယ်။

ဒီအယူအဆနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကာလကတည်းက မစ္စတာ ဘိုင်ဒန်က ပြောဆိုထားခဲ့ဖူးပါတယ်။

ဇွန်လ ၁၁ ရက်နေ့က လုပ်ခဲ့တဲ့ ရုပ်သံမေးမြန်းခန်းတခုမှာ ဟာသ သရုပ်ဆောင် ထရီဘာ နိုအာက သမ္မတ အိမ်တော်ကနေ ထွက်ပေးဖို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မစ္စတာ ထရမ့်က ငြင်းဆန်နိုင်ဖွယ် ရှိတဲ့အကြောင်းနဲ့ ပတ်သက်လို့ တွေးထားခဲ့ဖူးလားလို့ မစ္စတာဘိုင်ဒန်ကို မေးခဲ့ပါတယ်။

"ဒီအကြောင်း တွေးထားပါတယ်" လို့ မစ္စတာ ဘိုင်ဒန်က ဖြေခဲ့ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာဆိုရင် သူ အရေးယူ ခံရပါလိမ့်မယ်။ သမ္မတ တာဝန် ဆက်ထမ်းဆောင်လို့ မရအောင် စစ်တပ်က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အိမ်ဖြူတော်ကနေ သူ့ကို နှင်ထုတ်သွားမယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို ကိုယ်စားလှယ်လောင်းတွေက အတည်ပြုတာ မဟုတ်ဘဲ မဲဆန္ဒရှင် ပြည်သူတွေကသာ သတ်မှတ်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မစ္စတာဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူက အခိုင်အမာ ပြောဆိုထားပါတယ်။

"အမေရိကန် ပြည်သူတွေကသာ ဒီရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးကြတာပါ။ အမေရိကန် အစိုးရဟာ အခွင့်မရှိဘဲ ကျူးကျော်ဝင်ရောက်သူတွေကို အိမ်ဖြူတော်အပြင် ပြန်ပို့ဆောင်နိုင်စွမ်း အပြည့်အဝ ရှိတယ်" လို့လည်း ဆိုပါတယ်။

တရားရေးဌာနအောက်မှာ ရှိတဲ့ အမေရိကန် မာရှယ် အဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ မစ္စတာ ထရမ့်ကို သမ္မတ အိမ်တော်အပြင်ဘက် ပို့ဆောင်ပေးမယ့် တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ဖို့ စတင် လုပ်ဆောင်လာနိုင်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့ဟာ သမ္မတတဦးရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အရပ်ဘက်အဖွဲ့အစည်း ဖြစ်ပြီး ဥပဒေအရ သမ္မတဟောင်း အားလုံးကိုလည်း အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါကြောင့် ဇန်နဝါရီလ ၂၀ ပြီးတဲ့နောက်ပိုင်းမှာလည်း မစ္စတာထရမ့်ကို ဆက်လက် အကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာ ဘိုင်ဒန်ရဲ့ အသာရမှု ခိုင်မာလာပြီး သူအနိုင်ရပြီဆိုတာ ကြေညာနိုင်တော့မယ့် အချိန်ကတည်းက ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ရွေးကောက်ခံ သမ္မတကို အကာကွယ်ပေးဖို့ စီစဉ်ဆောင်ရွက်မှုတွေ တိုးလုပ်ခဲ့ပါတယ်။

လက်တွေ့မှာလည်း မစ္စတာဘိုင်ဒန်ဟာ "သမ္မတ" တဦးမှာ ရှိရမယ့် လုံခြုံရေး စောင့်ရှောက်မှုတွေ အခုကတည်းက ရထားပါတယ်။

ထင်မှတ်မထားတဲ့ ဖြစ်နိုင်ခြေ

မစ္စတာ ထရမ့်ဟာ အိမ်ဖြူတော်က ထွက်ခွာဖို့ ငြင်းဆန်နေမှုကို ဆက်လက်ကိုင်စွဲထားတယ်ဆိုရင် သမ္မတ တဦးအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သစ္စာစောင့်သိမှုကို တွက်ဆဖို့ လိုကောင်းလိုပါလိမ့်မယ်။

အာဏာဆက်လက်တည်မြဲဖို့အတွက် တရားမဝင်နည်းနဲ့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသုံးပြုဖို့ ကြိုးပမ်းချက်တွေ မစ္စတာ ထရမ့်အတွက် ဖြစ်လာနိုင်ခြေရှိလားဆိုတာနဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

"ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း တာဝန်ဆက်လက်ထမ်းဆောင်ဖို့အတွက် သမ္မတအာဏာကို အလွဲသုံးစားလုပ်ဖို့ သမ္မတ တဦးအတွက် ခက်ခဲနိုင်ပြီး အရေးပါတဲ့ စံသတ်မှတ်ချက်တွေကိုလည်း ဖျက်ဆီးရာရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး မဖြစ်လာနိုင်ဘူးလို့လည်း ပြောလို့ မရပါဘူး" လို့ အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်က ဥပဒေပိုင်းဆိုင်ရာ သင်ကြားသူလည်းဖြစ်၊ အမျိုးသားလုံခြုံရေး မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ပါမောက္ခ ဒါကိုတာ ရုဒ်ဆဲလ်က ဘီဘီစီကို ပြောပါတယ်။

"ဒါဟာ တိုင်းပြည်အတွက် သာမက၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ အရေးကြီးတဲ့ အခြေခံ သဘောတရားတွေနဲ့ ဒီမိုကရေစီအပေါ် တကမ္ဘာလုံးရဲ့ ရှု့ထောင့်အမြင်တွေကိုပါ အကြီးအကျယ် ထိခိုက်နစ်နာစေလိမ့်မယ်" လို့လည်း သူက သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အားပေးထောက်ခံမှုနဲ့ မစ္စတာ ထရမ့် သမ္မတ တာဝန်ကို ဆက်လက်ကိုင်စွဲထားမယ်ဆိုတာမျိုးက ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ သူ ယူဆတဲ့အကြောင်း ဆိုပါတယ်။

"စစ်တပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ သစ္စာခံမယ်လို့ ကျမ်းကျိန် သစ္စာဆိုခဲ့တာ ဖြစ်တယ်၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရေးသမားအပေါ် သစ္စာခံမှာ မဟုတ်ဘူးပါဘူး။"

လက်ရှိ အမေရိကန် စစ်တပ်မှာ ရာထူးအဆင့်အမြင့်ဆုံး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်၊ ပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မီလီကလည်း "စစ်တပ်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး" လို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။

ဒီကိစ္စတွေကို တွေးတော စဉ်းစားနေတာ ပါမောက္ခ ရုဒ်ဆဲလ် တယောက်တည်းတော့ မဟုတ်ပါဘူး။

ပစ်စ်ဘာ့ခ် တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့ ကီရှာ ဘလိန်း ကတော့ "ရွေးကောက်ပွဲမှာ စစ်တပ်က ဝင်ရောက်စွက်ဖက်တယ်ဆိုရင် ကျွန်မတို့ ကိုယ့်ဘာသာ ပြန်မေးရမယ့် အင်မတန် အရေးကြီးတဲ့ အချက်က နိုင်ငံတွင်း ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ပတ်သက်လို့ ထွက်ပေါ်လာမယ့် အကြောင်းပါ " လို့ ဘီဘီစီကို ပြောပါတယ်။

" ပြီးခဲ့တဲ့ ၄ နှစ်တုန်းကတော့ အမေရိကန် ပြည်သူအများစုဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သိချင်ခဲ့ကြမှာ မဟုတ်ပါဘူး။ ပေါ့ဒ်လန်နဲ့ ဝါရှင်တန်တို့မှာ ပြီးခဲ့တဲ့ လတွေအတွင်း ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ ဗဟိုအစိုးရ တပ်ဖွဲ့ဝင်တွေကို မစ္စတာ ထရမ့်က စေလွှတ်ခဲ့တာကို ကြည့်ရင် ဒါဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့အချက်ပါ။ ဒီလိုမျိုး ဖြစ်လာနိုင်ခြေရှိတယ်လို့တော့ ကျွန်မ မထင်ပါဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အလားအလာတခုကိုတော့ ကျွန်မတို့ ထည့်မတွက်လို့ မရပါဘူး" လို့လည်း သူက ဆိုပါတယ်။

တကယ်တော့ ဒီနှစ်လယ်ပိုင်းမှာ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကနေ ပေါ်ထွက်လာတဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသမားတွေကို ဖြိုခွင်းဖို့အတွက် စစ်တပ်ကို စည်းရုံးဖို့ မစ္စတာ ထရမ့် စဉ်းစားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းဖို့အတွက် နိုင်ငံတဝန်း တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတွေကို သုံးဖို့ ၁၈၀၇ ခုနှစ် ဆူပူအုံကြွမှု အက်ဥပဒေကို အသုံးပြုလို့မရဘူးလို့ မစ္စတာ ထရမ့်ကို ဗိုလ်ချုပ်ကြီး မီလီက စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကြောင်း နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးမှာ ရေးသားပါတယ်။

"သမ္မတက အမိန့်ပေးခဲ့ရင်တောင် အမေရိကန် စစ်သားတချို့ဟာ သတ်မှတ်ထားတဲ့စည်း ကျော်မှာ မဟုတ်ဘူး" လို့ ပြောကြတဲ့အကြောင်းကိုလည်း အဲဒီမှာ ရေးသားထားပါတယ်။

နောက်ဆုံးမှာတော့ မစ္စတာ ထရမ့်ဟာ အခြေအနေပေါ် မူတည်ပြီး သမ္မတ ဒါမှမဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာ တာဝန်ထမ်းဆောင်ရတဲ့ လက်နက်ကိုင်တပ် (National Guard) အသုံးပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

ပြည်ထဲရေးဌာနကို သတင်းပို့ရတဲ့ စစ်တပ်မဟုတ်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဝါရှင်တန်၊ ပေါ့ဒ်လန် နဲ့ တခြား အမေရိကန် မြို့တွေက ဆန္ဒပြပွဲတွေကို ထိန်းချုပ်ရေးမှာ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲတွေကနေ ဖြစ်ပေါ်လာမယ့် အကျပ်အတည်းတခုမှာ မစ္စတာ ထရမ့်က စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ကို တပ်ဖြန့်ချထားဖို့ အမိန့်ပေးဖွယ်ရှိတယ်လို့ တချို့က ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ဒီလက်နက်ကိုင်တပ်တွေကလည်း သမ္မတ အနေနဲ့ နိုင်ငံရေးမှာ ရှင်သန်နိုင်ဖို့ သူတို့ကို လိုသလို အသုံးပြုတာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒါကြောင့် အာဏာဆက်လက်တည်မြဲဖို့ မစ္စတာ ထရမ့်ရဲ့ ကြိုးပမ်းချက်ဟာ အထမြောက်ဖို့ ခဲယဉ်းပါတယ်။

စောင့်ဆိုင်းကာလမှာ အကြမ်းဖက်မှုများ

ပါမောက္ခရုဒ်ဆဲလ်ကတော့ ဒါနဲ့ပတ်သက်လို့ ဆက်စပ်ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ပြောပါတယ်။

"သမ္မတ ထရမ့်ဟာ လုပ်ပိုင်ခွင့်အာဏာတခုကို သုံးဖို့ ကြိုးစားလာနိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ရေးခဲ့ပြီးပါပြီ။ ဒါမှမဟုတ် သူ့ရဲ့ နိုင်ငံရေး မဟာမိတ်တွေက ထိန်းချုပ်ထားတဲ့ တရားရေးဌာနက ညွှန်ကြားချက်တစောင် ထုတ်ပြန်ဖို့ ကြိုးစားလာနိုင်ဖွယ် ရှိတယ်။ နိုင်ငံတော် အုပ်ချုပ်မှုကဏ္ဍ အစိုးရပိုင်းကနေ အငြင်းပွားဖွယ် ရွေးကောက်ပွဲတခုမှာ မစ္စတာ ထရမ့်ကို အနိုင်ပေးဖို့ စဉ်းစားသင့်တယ်ဆိုပြီး ပြောလာနိုင်တယ်" လို့ လေ့လာသုံးသပ်သူ မစ္စတာ ရုဒ်ဆဲလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီလိုကိစ္စရပ်တွေဟာ "လုံး၀ မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပြီး လက်သင့်မခံနိုင်ဘူး" လို့လည်း သူက သတိပေးပါတယ်။

"ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းတည့်ချိန် သမ္မတ သက်တမ်း ကုန်ဆုံးပြီးတဲ့နောက်ပိုင်း သူ့ကို ဆက်လက်အလေးပြုဖို့ စစ်တပ်ကို ညွှန်ကြားတာဟာ မဖြစ်နိုင်တဲ့အခြေအနေတခုကို တွန်းပို့လိုက်တာပဲ" လို့လည်း သူက ဆိုပါတယ်။

"နိုင်ငံရေးကင်းရှင်းတဲ့ အမေရိကန် စစ်တပ်ဟာ ဘက်လိုက်တဲ့ သဘောထားရှိတယ်လို့ ကမ္ဘာတဝန်း လူအတော်များများနဲ့ အမေရိကန်က လူထက်ဝက်ကျော်က ထင်သွားလိမ့်မယ်။ စစ်တပ်အနေနဲ့ ဒီအမိန့်ကို လုံး၀ မလိုက်နာသင့်ဘူး" လို့လည်း ပါမောက္ခ ရုဒ်ဆဲလ်က ပြောပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ကိုယ်စားလှယ်ဟာ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းဆန်နေတဲ့ အခြေအနေတရပ်ဟာ " ပြည်တွင်းမှာ စိုးရိမ်စရာကောင်းတဲ့ ဆူပူမှု အဓိကရုဏ်းတွေထိ ဖြစ်လာနိုင်ခြေရှိတယ်" ရှိတယ်လို့ ပါမောက္ခ ကီရှာ ဘလိန်း က သုံးသပ်ပါတယ်။

သမ္မတရဲ့ ပြောဆိုမှုတွေဟာ "ဆန္ဒပြပွဲတွေသာမက အဓိကရုဏ်းတွေ ပေါ်ပေါက်လာနိုင်ခြေကို လှုံဆော်ပေးခဲ့တယ်" လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အမေရိကန်က မြို့ကြီးတွေမှာ မြင်တွေ့ခဲ့ရတဲ့ အခြေအနေကတော့ သမ္မတကို ထောက်ခံကြောင်း ပြသဖို့အတွက် လက်နက်အပြည့် ကိုင်ဆောင်ခဲ့ကြသူတွေလည်း ရှိပါတယ်။

တချို့မြို့ကြီးတွေမှာတော့ အပြောင်းအလဲကို မလိုလားတဲ့ အဖွဲ့တွေက လမ်းမတွေပေါ်ထွက်လာကြသလို အဲဒီထဲက တချို့ကလည်း လက်နက်တွေ ကိုင်ဆောင်လာကြပါတယ်။

ဒီလိုအခြေအနေတွေဟာ အမေရိကန် ပြည်ထောင်စု လက်ရှိနိုင်ငံရေး တင်းမာမှုမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို သတိပေးလို့နေပါတယ်။

Crd BBC News