တောရိုင်းတိရစ္ဆာန်တို့ရဲ့အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်လာတဲ့ ပါးစပ်နှာခေါင်းစည်း အဆင်အခြင်မဲ့ စွန့်ပစ်ခြင်း

14-Jan-2021

ခြူးစန္ဒီနွေး

ကိုဗစ် - ၁၉ ကပ်ရောဂါနဲ့ တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်မှာ ရောဂါ ပျံ့နှံ့ကူးစက်မှုကနေ ကာကွယ်ဖို့ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် ပါးစပ်နှာခေါင်းစည်းဟာ အရေးပါတဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ဖို့ အမိန့်ထုတ်ထားရတဲ့နေရာတွေလည်း ကမ္ဘာမှာအများကြီးပါပဲ။

စိတ်မကောင်းစရာ

လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ ပါးစပ် နှာခေါင်းစည်းဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အသက်ရှင် နေထိုင်မှုကို ခြိမ်းခြောက်နေတာကတော့ စိတ်မကောင်း စရာပါပဲ။ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ အတွက် ပါးစပ်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင် ရမယ်လို့ နိုင်ငံတွေက အမိန့်ထုတ်လိုက်တဲ့နောက်မှာတော့ လူသွားစင်္ကြံတွေ၊ ရေထဲနဲ့ ကမ်းခြေတွေမှာ စွန့်ပစ် နှာခေါင်းစည်းတွေ ပြန့်ကျဲနေတာကို တွေ့မြင်လာရပါ တယ်။ တစ်ကြိမ်အသုံးပြုထားတဲ့ ဒီစွန့်ပစ်နှာခေါင်းစည်း တွေဟာ ပျက်စီးသွားဖို့တော့ နှစ်ရာနဲ့ချီပြီး စောင့်ဆိုင်း ရပါတယ်။

မျောက်တွေအတွက် အန္တရာယ်

ဒီစွန့်ပစ်နှာခေါင်းစည်းတွေဟာ သူ့ဘာသာသူ နေရာ အနှံ့ကို ပျံ့နှံ့သွားတာ မဟုတ်ပါဘူး။ လူတွေက အဆင် အခြင်မဲ့စွာ စွန့်ပစ်လိုက်တဲ့အခါမှာတော့ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်လာစေပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ လူသားတွေနဲ့အတူ နေထိုင်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေ အတွက်လည်း အန္တရာယ်ဖြစ်လာစေတယ်လို့ တိရစ္ဆာန် အခွင့်အရေးအုပ်စုမှ အက်ရှ်လေဖရူနိုက အေအက်ဖ်ပီကို ပြောပါတယ်။ မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ အပြင်ဘက်မှာရှိတဲ့ တောင်ကုန်းတွေမှာတော့ မျောက်တွေ ဟာ စွန့်ပစ်ထားတဲ့ ပါးစပ်နှာခေါင်းစည်းတွေကို ဝါးစား နေတာအထိ မြင်တွေ့နေရပါတယ်။

စင်ရော်ငှက်လေးတို့အဖြစ်

နောက်ပြီး ဗြိတိန်မှာလည်း သတင်းစာခေါင်းကြီး ပိုင်းတွေမှာအထိ နေရာယူလာတဲ့သတင်းကို တွေ့မြင် ရပြန်ပါတယ်။ အဲဒီသတင်းကတော့ အာအက်စ်ပီစီအေ အဖွဲ့က ကယ်တင်ထားတဲ့ စင်ရော်ငှက်တွေရဲ့ခြေထောက် တွေမှာလည်း စွန့်ပစ်ထားတဲ့ နှာခေါင်းစည်းတွေ ချိတ်မိ နေတာကို တွေ့မြင်ရတဲ့သတင်းပါပဲ။ အဲဒီစင်ရော်ငှက်တွေ ကို တွေ့မြင်ပြီးတဲ့နောက်မှာတော့ တိရစ္ဆာန် စောင့်ရှောက် ရေးအဖွဲ့အတွက် သတိပေးစရာ ဖြစ်လာပါတယ်။ ငှက်တွေ ရဲ့ခြေထောက်မှာ နှာခေါင်းစည်းတွေ ချိတ်ပါလာတဲ့အတွက် ပျံသန်းရခက်ခဲပြီး မလှုပ်ရှားနိုင်တော့ပါဘူး။ ငှက်တွေဟာ အသက်ရှင်လျက် ရှိနေပေမယ့် ပျံသန်းဖို့ မတတ်နိုင်ဖြစ်နေ ရတယ်။ အဲဒီစင်ရော်ငှက်တွေကို ပြန်မလွှတ်မီ တောရိုင်း တိရစ္ဆာန် ဆေးရုံမှာကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။ နှာခေါင်းစည်းမှာပါတဲ့ မျှော့ကြိုးရစ်ပတ်မှုကြောင့် ငှက်ရဲ့ ခြေထောက်တွေမှာ ရောင်ကိုင်းလာရပြီး နာကျင်မှုဝေဒနာကို ခံစားရတာပဲဖြစ်တယ်လို့ အာအက်စ်ပီစီအေအဖွဲ့ စုံစမ်း ထောက်လှမ်းသူ အာဒမ်ဂျုံးက ပြောပါတယ်။

ရေနေသတ္တဝါတို့အတွက် ခြိမ်းခြောက်မှု

စွန့်ပစ်နှာခေါင်းစည်းတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အဆိုးဆုံးခံစားရတာကတော့ ရေထဲမှာပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ စွန့်ပစ်နှာခေါင်းစည်း၊ ရော်ဘာလက်အိတ်နဲ့ အခြားသော အကာအကွယ် စွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်တွေနဲ့ ပင်လယ်တွေကို ညစ်ညမ်းစေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ စွန့်ပစ်နှာခေါင်းစည်း ၁ ဒသမ ၅ ဘီလီယံကျော်လောက် ရောက်နေပါပြီလို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုဖြစ်တဲ့ အိုရှန်းအေးရှား က ပြောပါတယ်။ စွန့်ပစ်နှာခေါင်းစည်းတွေကြောင့် ရေနေ သတ္တဝါတွေရဲ့ဘဝကို ခြိမ်းခြောက်နေတယ်ဆိုပြီး သတိပေး မှုတွေ ရှိပြီးသားပါ။ ကမ်းခြေမှာ သောင်တင်လာတဲ့ ပင်ဂွင်း ငှက်အသေတစ်ကောင်ရဲ့ဗိုက်ထဲမှာ စွန့်ပစ်နှာခေါင်းစည်း တစ်ခုကို ဘရာဇီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက တွေ့ရှိခဲ့ကြပါတယ်။

အန္တရာယ်ကြီးတစ်ခု

နောက်ပြီး မိုင်ယာမီကမ်းရိုးတန်းမှာ တွေ့ရှိရတဲ့ ပင်လယ်ငါးတစ်ကောင်ရဲ့ ဗိုက်ထဲမှာလည်း အလားတူပဲ တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြေထဲပင်လယ်အနီး ရေငန်အိုင်အတွင်းမှာ ကဏန်း တစ်ကောင်ဟာ ပါးစပ်နှာခေါင်းစည်းအတွင်း ဝင်ပြီးသေနေ တာကို တွေ့ရပါတယ်။ ပင်လယ်ထဲမှာနေကြတဲ့ သတ္တဝါ တွေအတွက်တော့ နှာခေါင်းစည်းနဲ့ ရော်ဘာလက်အိတ် စွန့်ပစ်အမှိုက်တွေဟာ တကယ့်ကို အန္တရာယ်ကြီးပါပဲလို့ အမေရိကန်အခြေစိုက် သမုဒ္ဒရာထိန်းသိမ်းရေး အင်န်ဂျီအို အဖွဲ့မှ သိပ္ပံပညာရှင် ဂျော့လီယိုနတ်က ပြောပါတယ်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင် ကို ပျက်စီးစေပြီး နောက်ပိုင်းမှာသေးငယ်တဲ့ အမှုန်တွေ အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ အဲဒီအမှုန်တွေဟာ အစားအသောက်ထဲကို ဝင်ရောက်လာပြီး ဂေဟစနစ် တစ်ခုလုံးကို ထိခိုက်စေတယ်လို့ သူကဆက်ပြောပါတယ်။

စည်းရုံးနေကြ

ကိုဗစ်- ၁၉ ကပ်ရောဂါကနေ ကာကွယ်ဖို့အတွက် ပြန်လည်ပြီးအသုံးပြုနိုင်တဲ့ အဝတ်နှာခေါင်းစည်းတွေ ပြောင်းသုံးဖို့ တိုက်တွန်းမှုတွေရှိလာပေမယ့် အများစု ကတော့ ပေါ့ပါးတဲ့တစ်ခါသုံးတွေကို အသုံးပြုဖို့ ရွေးချယ်ကြ တုန်းပါပဲ။ နှာခေါင်းစည်းတွေကို စွန့်ပစ်တဲ့အခါ တိရစ္ဆာန် တွေမှာ အန္တရာယ်မကြုံရအောင် မျှော့ကြိုးတွေကို ဖြတ်ထုတ်ပစ်ဖို့၊ စနစ်တကျ စွန့်ပစ်ကြဖို့ စည်းရုံးလှုံ့ဆော် သူတွေက စည်းရုံးနေကြပါတယ်။ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်သူတွေကို အစိုးရအနေနဲ့ ဒဏ်တပ်ပေးဖို့ကိုလည်း အိုရှန်းအေးရှားအဖွဲ့က တောင်းဆိုထားပါတယ်။ နောက်ပြီး တော့ လျှော်ဖွပ်ပြီး ပြန်သုံးလို့ရတဲ့ နှာခေါင်းစည်းကို သုံးစွဲ ကြဖို့လည်း အဲဒီအဖွဲ့က ဆက်လက်တိုက်တွန်းထားပါ တယ်။

စွန့်ပစ်အမှိုက်အဖြစ် ပင်လယ်တွင် အဆုံးသတ်

ကိုဗစ် - ၁၉ ကို တစ်ကမ္ဘာလုံးက တိုးတက်နေတဲ့ အချိန် ရောဂါကာကွယ်ဖို့အတွက် အသုံးပြုရတဲ့ အကာ အကွယ်ပစ္စည်းတွေဟာ နောက်ဆုံးမှာတော့ စွန့်ပစ်အမှိုက် တွေအဖြစ် ပင်လယ်ထဲမှာ အဆုံးသတ်ရပါတယ်။ ခန့်မှန်း ခြေအားဖြင့်တော့ တစ်ကမ္ဘာလုံးအနှံ့ နှာခေါင်းစည်း ၁၂၉ ဘီလီယံအသုံးပြုနေပြီး ပလတ်စတစ်လက်အိတ် တန်ချိန် ၆၅ ဘီလီယံကို လတိုင်း လတိုင်း အသုံးပြုနေကြ ပါတယ်။ ဒီစွန့်ပစ်အမှိုက်တွေကို ရေငုပ်သမားတွေနဲ့ လေ့လာသူတွေ မကြာခဏဆိုသလို တွေ့ရှိနေရပြီး သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်ကာ လက်အိတ်၊ နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည်ဘူးအခွံတွေလည်း ကမ်းခြေတွေမှာ သောင်တင်နေတာကို အထင်းသား တွေ့မြင်နေရပါတယ်။

အထောက်အကူဖြစ်စေ

ဒါဟာ ပင်လယ်သမုဒ္ဒရာရဲ့ဂေဟစနစ်ကို ခြိမ်းခြောက် လာနေပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်ပြဿနာကိုကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ပင်လယ်သမုဒ္ဒရာရဲ့ ကျန်းမာ ရေး၊ ရာသီဥတုပြောင်းလဲမှုပြဿနာကို ဖြေရှင်းဖို့ရာ အထောက်အကူဖြစ်စေသလို ဇီဝမျိုးကွဲတွေအတွက် အထောက်အကူဖြစ်တဲ့အပြင် ရေရှည်အသက်ရှင်နေထိုင် မှု အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ