တပ်ကမဲစာရင်းပြန်ထုတ်တာ အာဏာပြန်ယူဖို့လားလို့ သံသယဖြစ်နေကြ

08-Jan-2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိတယ်၊ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲပြီးနောက် ၂ လကြာတဲ့အထိ မြို့နယ်အလိုက် မဲစာရင်းအချက်အလက်တွေကို တပ်မတော်ဘက်က ထုတ်ပြန်နေပါတယ်။

ဒီလိုထုတ်ပြန်နေတာဟာ တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ပြီး အာဏာပြန်သိမ်းသွားမလားလို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။ ဥပဒေပညာရှင်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ကို အာဏာသိမ်းခွင့်ပေးမထားဘူးလို့ ထောက်ပြကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိတယ်၊ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ တပ်မတော်ကနေ မဲစာရင်းစစ်ဆေးတာတွေ ထုတ်ပြန်နေတာ အခုဆိုရင် မြို့နယ်ပေါင်း ၁၄၂ မြို့နယ်အတွက် ၁၁ ကြိမ်အထိ ရှိသွားပြီဖြစ်ပါတယ်။

ထုတ်ပြန်တဲ့မဲစာရင်းတွေမှာ အသက်မပြည့်ဘဲ မဲပေးခွင့်ပြုတာ၊ မဲစာရင်းထပ်တာတွေရှိတယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော်ထဲက သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းနဲ့ တပ်မတော်က စိစစ်တဲ့ ဆန္ဒမဲပေးခွင့် ရှိသူစာရင်း(ပုံစံ-၁) တို့ကို ယှဉ်တွဲပြီး တောက်လျှောက်ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော်က စစ်ဆေးနေတဲ့ မဲစာရင်းတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ နောက်ဆုံးမဲစာရင်းကို အခြေခံထားတာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

တပ်မတော်က အခုလို မဲစာရင်းတွေစိစစ်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမျှတမှုကို လိုချင်တာကြောင့် အခုလို လုပ်တာဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက သုံးသပ်ပါတယ်။

“သူ့မှာ ပုဒ်မ ၆ ရော၊ ၂၀ မှာရော ပုဒ်မခွဲတွေနဲ့အတူတူ သူ့ကို အဲဒါတွေပေးထားတယ်၊ သူကနောက်ဆုံး ဖွဲ့စည်းပုံရဲ့ မဏ္ဍိုင်တိုင်ပဲ၊ မတရားမှုတွေဖြစ်လို့ရှိရင် သူက ဒါကိုကြည့်နေလို့မရဘူး၊ အဲတော့ခုက မတရားမှုဖြစ်နေပြီဆိုတာက ပြည်ခိုင်ဖြိုး အပါအဝင် အားလုံးက ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲနေတယ်၊ စွပ်စွဲနေတော့ ဒါကို အမှန်တရားအတွက်ဖော်ထုတ်ပေးဖို့က သူမှာတာဝန်ရှိတယ်၊ တာဝန်ရှိတဲ့ အတွက်ကြောင့် ဒါကိုလုပ်နေတာပေါ့နော်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ဥပဒေကြောင်းအရ လုပ်လု့ိရတဲ့အထိ လုပ်သွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

“ဒါနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမှာကတော့ ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဥပဒေနဲ့ အကျုံးဝင်တဲ့ဟာတွေကိုပဲ လုပ်ဆောင်သွားပါမယ်’’

ဒီလို တပ်မတော်က ထုတ်ပြန်နေချိန်မှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင် တို့ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီတို့က သမ္မတ ဦးဝင်းမြင်နဲ့ UEC ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို အာဏာပေးစာချွန်တော် (ဒါမှမဟုတ်) အာဏာပိုင် မေးစာချွန်တော် အမိန့်ထုတ်ပြီးစစ်ဆေးပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်မှာ တိုင်ကြားထားပါတယ်။

တပ်မတော်က မဲစာရင်းထုတ်တာတွေဟာ ပြည်ထောင်စု တရားလွှတ်တော်မှာ စာချွန်တော်တင်တဲ့ လူတွေအတွက် အထောက်အကူဖြစ်နိုင်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် က ပြောပါတယ်။

“ပါတီတချို့က တရားလွှတ်တော်ချုပ်ကို စာချွန်တော်တင်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းဆိုချက်တွေရှိတယ်၊ အဲလိုတောင်းဆိုချက်တွေထဲမှာ တပ်မတော်ကလုပ်ထားတဲ့ ပြုစုထားတဲ့ စာရင်းဇယားတွေက သက်သေအဖြစ်နဲ့ သူတို့က သုံးလို့ရမယ်လို့ ကျနော်က ယူဆတယ်”

တပ်မတော်က မဲစာရင်းတွေစိစစ်ပြီး ထုတ်ပြန်နေတာကို ပြည်သူတွေကြား စိတ်ဝင်စားကြသလို အာဏာပြန်သိမ်းမလားဆိုပြီး စိုးရိမ်သူတွေရှိတယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ စာရေးဆရာ သန်းစိုးနိုင် က ပြောပါတယ်။

“စိုးရိမ်နေကြတာက တပ်မတော်က ဘာဖြစ်လို့ အဲဒီလိုလုပ်နေတာလဲ၊ နောက်ပြီးတော့ ဒီလိုလုပ်တဲ့၊ ကိုင်တဲ့ ဦးတည်ချက်က ဘာလဲဆိုတဲ့ မေးခွန်းတွေ ထုတ်နေကြပါတယ်၊ ဖြစ်နိုင်သမျှ တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ၊ အသိအမှတ် မပြုဖို့အတွက် သူတတ်နိုင်တဲ့ ရှုထောင့်မှန်သမျှကနေပြီးတော့ ကန့်ကွက်အရေးဆိုမှုတွေ လုပ်နေတာ၊ တဖြည်းဖြည်းနဲ့ အဲဒါတွေအရှိန်အဟုန်မြင့်လာရင် တပ်မတော်အနေနဲ့ အာဏာသိမ်းနိုင်တဲ့ အနေအထားတွေ၊ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း လူထုကြားမှာ အတော်များနေတဲ့ အနေအထားလည်းဖြစ်ပါတယ်”

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်းဖို့ ပေးမထားတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

“၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်းခွင့်ရှိတယ်၊ ထိန်းသိမ်းခွင့်ရှိတယ်ဆိုတာက လုံးဝ၊ လုံးဝ မဟုတ်ဘူး၊ မှားတယ် ၁၀၀ ရာခိုင်နှုန်း၊ ဘာပဲပေးထားလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာပြဌာန်းလဲဆိုတော့ တကယ်လို့ နိုင်ငံတော်မှာ ဆူပူမယ်၊ ထိန်းမရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သမ္မကိုသော်လည်းကောင်း၊ သို့မဟုတ် သတင်းသိရှိသူများက သမ္မတကို တင်ပြရမယ်၊ တင်ပြတဲ့အခါမှာ အဲဒါကို သမ္မတကနေ ကာလုံခေါ်ပြီးတော့ သူကနေပြီးတော့ ရက်အပိုင်းအခြားနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ လုပ်နိုင်တယ်”

တပ်မတော်က အခုလို ထုတ်ပြန်နေတာဟာ UEC နဲ့ NLD ပါတီကို ပုံဖျက်နေတာသာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ UEC က မတရားလုပ်တယ်ဆိုတာကို ပြောချင်တာပေါ့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရုပ်ကိုပျက်အောင်လုပ်တာပေါ့၊ ပုံပျက်အောင် လုပ်တာပေါ့၊ အများစုရွေးခံရတဲ့ NLD ဟာလည်း မတရားသဖြင့် အနိုင်ရတယ်ဆိုတာမျိုးဖြစ်အောင် လုပ်နေတာပါပဲ၊ ဒါတွေက မထိရောက်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒကို ထုတ်ဖော်ပြီးသားဖြစ်နေတော့ ကျနော်တော့ အဲဒီဟာ ကန့်ကွက်နေတဲ့ကိစ္စတွေ၊ ထုတ်ပြန်နေတဲ့ကိစ္စတွေဟာ ဘာမှထိရောက်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ကြိုတင်မဲပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရသလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွေတုန်းကလည်း မဲစာရင်းမှန်ကန်ဖို့ ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့ပေမယ့် တပ်မတော်အနေနဲ့ ခုလို စိစစ်တာမျိုး မရှိခဲ့ပါဘူး။

တပ်မတော်က ထုတ်တဲ့မဲစာရင်းနဲ့ နောက်ဆုံးထုတ်တဲ့ မဲရုံးမှူးတွေကိုင်တဲ့ မဲစာရင်းဟာ ကိုက်ညီမှုရှိ၊ မရှိဆိုတာကို နေရာတချို့မှာ အစမ်းစစ်ကြည့်မယ်ဆိုရင် အခြေတစ်ခုထွက်နိုင်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ခဲ့တဲ့ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒသင်းက ပြောပါတယ်။

“နောက်ဆုံးထွက်တဲ့ မဲရုံမှူးတွေမှာ ကိုင်ထားတဲ့ မဲစာရင်းနဲ့ တပ်မတော်ကနေ တွေ့ရှိချက်နဲ့က တူနေလားပေါ့နော်၊ အဲဒါကို ကျမတို့ ပထမဆုံး စစ်ရမယ်၊ ပြီးသွားလို့ရှိရင် တကယ်ပဲ နောက်ဆုံးမဲရုံမှူးတွေလက်ထဲမှာရှိတဲ့ မဲစာရင်ထဲမှာမှ တချို့သော မဲဆန္ဒရှင်တွေက ခုနလို နာမည်တွေထပ်နေတာ၊ ၂ ခါ ၃ ခါများပေးခဲ့သလားဆိုတာကို အကုန်လုံး မဟုတ်ရင်လည်း နေရာတချို့မှာ ပြန်စမ်းသပ်ကြည့်မယ်ဆိုရင်တော့ ပိုပြီးတော့မှ အဖြေတစ်ခုထွက်နိုင်တယ်လို့ထင်တယ်”

မဲစာရင်းလွဲမှားတာနဲ့ မဲမသာမှာတာဟာ မတူဘဲ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုကောင်းအောင် ဘယ်လို့လုပ်မယ်၊ ဘယ်အချက်တွေကတော့ ပြင်ဆင်ရမယ်ဆိုတာကိုတော့ ကော်မရှင်အနေနဲ့ လုပ်သင့်တယ်လို့ ဒေါ်မြနန္ဒာသင်းက တိုက်တွန်းထားပါတယ်။

တပ်မတော်က မဲစာရင်းတွေ မှားယွင်းကြောင်း ထုတ်ပြန်နေသလို တပ်မတော်နဲ့ နီးစပ်တဲ့ပါတီတွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုတာ၊ ကန့်ကွက်ဆန္ဒပြတာတွေရှိပေမယ့် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လွှတ်တော်အသစ် စတင်ခေါ်ယူတော့မှာဖြစ်ပါတယ်။

RFA Burmese