ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့တွေ အစိုးရသစ်နဲ့ ပူးပေါင်းလို

24-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ ပထမငါးနှစ် သက်တမ်းအတွင်း ငြိမ်းချမ်းရေး ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် နောက်ငါးနှစ်ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ UWSA " ဝ" အပါအဝင် AA ရက္ခိုင့်တပ်တော်တို့က ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူတွေကတော့ NLD အစိုးရ ဒုတိယ သက်တမ်း ငါးနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်ဖို့ အစိုးရနဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်နှစ်ဦးကြား ဘုံသဘောတူညီချက်ရအောင် အရင်လုပ်သင့်တယ်လို့ အကြံပြုကြပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရ ပထမငါးနှစ်သက်တမ်းအတွင်း ၂၁ ရာစုပင်လုံညီလာခံကို လေးကြိမ်ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ပဲ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA " ဝ" ခေါင်းဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ၇ ဖွဲ့ကတော့ သူတို့မဟာမိတ်အဖွဲ့တွေ အားလုံးပါဝင်ရေးမှုကို ဆက်လက်ကိုင်ဆွဲထားပြီး အစိုးရ၊ တပ်မတော်တို့နဲ့ ထိရောက်အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ ထပ်အနိုင်ရပြီး အစိုးရသစ်အဖြစ် ဆက်လက် ဦးဆောင်မှာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေပါဝင်တဲ့ (FPNCC) က ကြိုဆိုခဲ့ကြပါတယ်။  တန်းတူညီမျှ ဆက်ဆံရေးအပေါ် အခြေခံပြီး အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းအောင်မြင်စေဖို့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်းFPNCCက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIA/ KIO အဖွဲ့ရဲ့ သဘောထားက (FPNCC)ရဲ့ သဘောထားအတိုင်းပဲလို့ ဆိုပါတယ်။

“နာမည်လည်းပါတယ်ဆိုတော့ ပြောလို့တော့ရမှာပါ၊ အဲမှာ သူတို့ ရေးထားတဲ့နေရာမှာ ကေအိုင်အို ဆိုပြီးတော့ နာမည်လည်း တပ်ထားတယ်ဆိုတော့ သဘောထားတော့ ပါတယ်လို့ ပြောလို့ရမှာပါ။”

FPNCC  အဖွဲ့ဝင် ရက္ခိုင့်တပ်တော် AA ၊ တအာင်းပလောင် TNLA ၊ ကိုးကန့် MNDAA သုံးဖွဲ့ကလည်း ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုထောက်ခံမူ ၈၃ ရခိုင်နှုန်းကျော်ရရှိခဲ့တဲ့ NLD ပါတီရဲ့ အောင်မြင်မှုကို ကြိုဆိုတယ်၊ NLD ဦးဆောင်တဲ့ အစိုးရ၊  တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ အထူးမျှော်လင့်နေတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့က သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

တအာင်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က NLD အစိုးရအနေနဲ့ ငြိမ်းချမ်ရေးမူဝါဒ ခိုင်ခိုင်မာမာရှိဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေဖို့ RFA သတင်းဌာနနဲ့ သီးသန့်ဆက်သွယ်မေးမြန်းမှုမှာ ပြောခဲ့ပါတယ်။

“တကယ် NLD ရဲ့ အစိုးရရဲ့ တကယ် ငြိမ်းချမ်းရေးမူ ပေါ်လစီကို တကယ်ချမှတ်ပြီး ဆောင်ရွက်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်၊ ပြီးခဲ့တဲ့ သက်တမ်းတုန်းကလိုမျိုး ငြိမ်းချမ်းရေး တည်ဆောက်မှုမျိုးကတော့ ကျွန်တော်တို့ စစ်မီးတွေ ငြိမ်းနိုင်မှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေးလုပ်ငန်းလည်း ဆောင်ရွက်နိုင်မှာမဟုတ်ဘူး အခက်အခဲ တော်တော်ဖြစ်တယ်လို့ မြင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အသိမှတ်ပြုပြီး တန်းတူရေးကို အရေးထားမယ်ဆိုရင် အစိုးရသစ် ဦးဆောင်မယ့် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းမှာ လိုက်ပါဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ် တာဘုန်းကျော်က ပြောပါတယ်။

နောက်လာမယ့် အစိုးရ ငါးနှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစိုးရက ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေ၊ အစိုးရသစ်မကူးပြောင်းမီ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို သိနိုင်ဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အင်တာနက်အွန်လိုင်း ဖေ့ဘွတ်ကတဆင့် ဆက်သွယ်မေးမြန်း ထားပေမယ့် ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ပူးပေါင်းကော်မတီ " UPDJC” အဖွဲ့ဝင်၊ ငြိမ်ချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ တွက်လာမယ်လို့ မျှော်လင့်နေပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေ သေချာပေါက်လုပ်မယ်လို့ ကျတော်တို့အနေနဲ့ ယုံကြည်တယ်ပေါ့နော်၊ ယုံကြည်တော့ ဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ဒါကို ညှိပြီးတော့ ပိုကောင်းတဲ့ ချဉ်းကပ်မှုတွေ ရှိမယ်လို့ ကျတော်တို့ ထင်တယ်ပေါ့နော်၊ ကျတော်လည်း ၉ နှစ်ကျော် အရင်အစိုးရရော အခုအစိုးရရောမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်သူတစ်ယောက်အနေနဲ့ ရှိခဲ့ပါတယ်။ နှစ်ဖက်လုံးမှာတော့ အားသာချက် အားနည်းချက်တွေ ရှိတယ်ပေါ့လေ၊ အခု ကျွန်တော် ဆိုလိုတာကတော့ ကျွန်တော်တို့ အားနည်းချက်တွေကို ပြန်လည်ပြီး ပြုပြင်တဲ့ လုပ်ငန်းစဉ်လည်း ဒီလာမယ့်ကာလမှာတော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ချဉ်းကပ်မှုနဲ့ ပိုကောင်းမွန်တဲ့ ရလဒ်တွေ ရမယ်ဆိုတာကိုလည်း ဒါကိုပဲ ဆိုလိုတဲ့သဘောပါပဲ။”

ကပ်ရောဂါ အခြေအနေကြောင့် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှု ရပ်တန့်နေပေမယ့် လာမယ့် ဒီဇင်ဘာလဆန်းမှာ ဆွေးနွေးမှုတွေ ပြန်စဖို့ရှိတယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး  ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ AA အဖွဲ့က တိုက်တွန်းတဲ့အပေါ် တပ်မတော်ဘက်က ကြိုဆိုထောက်ခံခဲ့တဲ့အတွက် ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး လမ်းစပွင့်ပြီလို့ လေ့လာသူတွေက ယူဆခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း UWSA " ဝ"နဲ့ မိုင်းလားအဖွဲ့ ခေါင်းဆောာင်တချို့နဲ့တွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောခဲ့ပါတယ်။

တပ်မတော် အနေနဲ့ နောက်လာမယ့် အစိုးရသစ်လက်ထက် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မယ့် ကိစ္စတွေကို သိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ရခိုင်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ AA ဘက်က အပစ်အခတ်ရပ်စဲထားတယ်၊ တပ်မတော်နဲ့ AA အကြားမှာ လောလောဆယ် ဆွေးနွေးတဲ့အဆင့်အထိ မရောက်သေးပေမယ့် ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ် မဖြစ်အောင် ထိန်းသိမ်းထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက RFA ကိုပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးအောင်မြင်ဖို့ အစိုးရနဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေကြား ကြိုတင်ညှိနှိုင်းဖို့ လိုတယ်လို့  ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဒါအစိုးရ အနေနဲ့ သူဆုံးဖြတ်ချက်တွေ ချလို့ရတယ်၊ တိုင်းပြည် ခေါင်းဆောင်ပေါ့နော်၊ တပ်မတော်မှာဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နိုင်ငံတော်သမ္မတကြီးတို့ကြားမှာ ဖြတ်တဲ့ ပေါ်လစီတော့ ဖြစ်ဖို့လိုတယ် ၊ အဲဒီကနေ ပေါ်လစီပြတ်မှ ကျန်တဲ့ဟာတွေက လုပ်လို့ရမယ့်ဟာတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ နှစ်ဖက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အားကောင်းဖို့လိုတယ်၊ အရပ်ဖက် စစ်ဖက် ဆက်ဆံရေးမှာ ထိပ်သီးခေါင်းဆောင်တွေကြားထဲမှာ ဘယ်ကိစ္စကို ဘယ်လို သွားမလဲဆိုတဲ့ လမ်းကြောင်းတစ်ခု မဟာဗျူဟာတစ်ခု ချထားဖို့လိုတယ်။ အဲတာမရှိဘဲ နဲ့ဆိုရင် အောက်က အလုပ်လုပ်ရတဲ့သူတွေက အရမ်းအခက်အခဲဖြစ်တယ်။”

လက်တလော ရခိုင်မှာ တိုက်ပွဲတွေ မတွေ့ရပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို မပြုပြင်နိုင်ဘူးဆိုရင် မကြာခင် ရခိုင်မှာ သေနတ်သံ ပြန်ကြားရမယ်လို့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ခုလက်ရှိ စုဖွဲ့မှုပုံစံမျိုး၊ အဖွဲ့အစည်းမျိုးနဲ့ဆိုရင် နောက်ငါးနှစ်လည်း အောင်မြင်မှာ မဟုတ်ဘူးလို့လည်း ဝေဖန်ပါတယ်။

အစိုးရနဲ့ တပ်မတော်တို့ကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ လွိုင်ကော်ဆက်ဆံရေး တာဝန်ခံ ခူးမီရယ်က ပြောပါတယ်။

“တပ်မတော်ဘက်ကလည်း သီးသန့် တစ်ဖွဲ့လိုဖြစ်နေတယ်၊ အစိုးရရဲ့ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍ တွေကလည်း ဘယ်လိုပြောမလဲ သူ့ဟာသူ သီးသန့်ကြီး လုပ်ချင်တယ် အစိုးရ သီးသန့်ကြီးလုပ်ချင်တယ်၊ ဒါတော့ ကျတော်တို့ ၂၀၁၅ ကနေ ၂၀၂၀ အစိုးရသက်တမ်းကာလမှာ ကျတော်တို့ ကောင်းကောင်းလေး ရှင်းရှင်းလင်လင်းလေး တွေ့ရတယ်ပေါ့နော်။”

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စဲရေး ကိစ္စတွေမှာ နောင် ငါးနှစ်ကာလအတွင်း အရင်နဲ့မတူပဲ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရလာမယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။

“ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် ထိပ်ဆုံးဦးစားပေးမှာ ထားတယ်ဆိုတာ ကျတော်တို့ ပြောနိုင်ပါတယ်၊ ကျတော်တို့ အခု ရွေးကောက်ပွဲပြီး နောက်တစ်နေ့မှာပဲ တပ်မတော်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့ဖွဲ့တယ် ။ ကျတော်တို့ကလည်း အနာဂတ်ပြည်ထောင်စု အရေးအတွက် ဆိုပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ကမ်းလှမ်းချက် ထုတ်ပြန်လိုက်ပါတယ်၊ ဒါတွေဟာ ကျတော်တို့ အခုလာမယ့် ငါးနှစ်အတွင်းမှာ အရင် ၅ နှစ်နဲ့ မတူဘဲ နဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်မယ်ဆိုတဲ့ လက္ခဏာတွေပဲလို့ ကျတော်ပြောချင်ပါတယ်။”

NLD ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းက ကြိုးပမ်းရာမှာ အခက်အခဲရှိခဲ့တဲ့အတွက် ၂၁ ရာစုပင်လုံလမ်းကြောင်းကနေ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောထားတာရှိတဲ့အတွက် အဲဒီညွှန်ကြားချက်အတိုင်း ငြိမ်းချမ်းရေး တိုးတက်ရရှိဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်ဖို့ဆိုရင် FPNCC အဖွဲ့ဝင်တွေကို ဆွေးနွေးရေး စားပွဲဝိုင်းပေါ် ရောက်အောင် အရင်လုပ်ရမယ်လို့ ပြောပါတယ်။

“ ဝရဲ့ ပြည်နယ် ပြဿနာ၊ AAရဲ့ တောင်းဆိုတဲ့ ပြသနာတို့ ကျန်တဲ့ အဖွဲ့အစည်းတောင်းဆိုတဲ့ ပြဿနာတို့ အဲဒါတွေက ဆွေးနွေးပွဲ စကားဝိုင်းရောက်ပြီးမှ ဖြေရှင်းမယ့် ပြဿနာဖြစ်တယ်၊ အဲတော့ ဆွေးနွေးပွဲ စကားဝိုင်းမရောက်ခင်မှာ ဘာမှကို လုပ်လို့မရဘူး၊ "၀" ကပြည်နယ် တောင်းဆိုသည် ဖြစ်စေ၊ AAက တောင်းဆိုသည် ဖြစ်စေ ဘာတောင်းသည်၊ ညာတောင်းသည် ဘာလိုလားတယ်၊ ညာလိုလားတယ်၊ အဲဒါက နောက်ပြဿနာ။ ပထမဆုံး ဖြေရှင်းရမယ့် ပြဿနာသည် အဲဒါ ဆွေးနွေးပွဲ စကားဝိုင်းပေါ်ရောက်မှ အဲဒီအဖွဲ့ ၇ ဖွဲ့ ဆွေးနွေးပွဲ စကားဝိုင်းပေါ်ရောက်ဖို့က အဓိက ပြဿနာ၊ အဲဒါ အရင်လုပ်ဖို့ လိုတယ်။”

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ဝန်းကျင်စခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က NCA အပစ်ရပ်လက်မှတ်ထိုးခဲ့သလို၊ NLD အစိုးရ လက်ထက် ၂၁ရာစု ပင်လုံ နိုင်ငံရေးလမ်းကြောင်းနဲ့ ကြိုးပမ်းမှုအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး အောင်မြင်ရေး အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ UWSA " ဝ"၊ KIA စတဲ့ အဖွဲ့တွေလည်း ပါဝင်လာဖို့ အရေးတကြီး လိုအပ်နေပါသေးတယ်။

လာမယ့် အစိုးရသက်တမ်း ငါးနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်စေဖို့ ၂၁ ရာစုပင်လုံညီလာခံ ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်အရေးတို့နဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေ ထွက်ဖို့လိုသလို၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ထိပ်သီးခေါင်းဆောင်တွေကြား တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

Crd RFA