ရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ ကိုအောင်ကြီးရဲ့ နစ်နာမှု တရားရုံးက လက်ခံ

18-Dec-2020

နေပြည်တော်က Victoria ကလေးငယ် လိင်အကြမ်းဖက်မှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ “ အမှုဖွင့် အဆိုလွှာကို" ဒက္ခိဏခရိုင်တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။

လူအများစိတ်ဝင်စားတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria သက်ငယ်မုဒိမ်းမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီး( ခေါ် ) အောင်ကျော်မျိုးက သူ့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်း နစ်နာမှုတွေအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကျပ်သိန်း ၅၀၀၀ လျှော်ကြေးရလိုမှုနဲ့ တရားစွဲထားတဲ့ "အမှုဖွင့် အဆိုလွှာ" ကို ဒက္ခိဏ ခရိုင်တရားသူကြီးက ဒီနေ့ အတည်ပြု လက်ခံခဲ့ပါတယ်။

တရားလိုဘက်က "အမှုဖွင့် အဆိုလွှာ" ကို တရားပြိုင်ဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ငြင်းချက်သမ္ဗာန်စာထုတ်ဖို့ တရားသူကြီးက အမိန့်ချလိုက်တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီနေ့ကတော့ အမှုဟာ ကျတော်တို့ အဆိုလွှာမှာ အကျအပေါက် အလွဲအမှား မရှိဘူး၊ အဲဒါကြောင့် ဒီအဆိုလွှာကိုပဲ တစ်ဖက်ကိုပေးမယ်ဆိုပြီးတော့ ဒီအဆိုလွှာနဲ့ အတူပေါ့ဗျာ တစ်ဖက်ကို ငြင်းချက်သမ္ဗာန်စာထုတ်ဖို့ အမိန့်ချလိုက်တယ်၊ တရားမမှုတွေရဲ့ ထုံးစံက ငြင်းချက်သမ္ဗာန်စာကို တစ်ဖက်ကို ထုတ်ရတယ်။ တစ်ဖက်ကို ထုတ်တဲ့အခါမှာ အဆိုလွှာနဲ့တွဲပြီးတော့ ငြင်းချက်သမ္ဗာန်စာ ထုတ်ရတယ်။ ပြီးတော့မှ အဲဒီနေ့မှာ ငြင်းဆိုမယ်ဆိုရင် အဲဒီနေ့မှာ လာပြီးတော့ ခင်ဗျားသော်လည်းကောင်း၊ ခင်ဗျားရဲ့ ကိုယ်စားလှယ်သော် လည်းကောင်း၊ ရှေ့နေသော်လည်းကောင်း လာပြီးတော့ ချေပလွှာတင်ပါဆိုပြီးတော့ ငြင်းချက်သမ္ဗာန်စာဆိုတာ ထုတ်ရတယ်”

လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ တရားပြိုင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က ရှေ့နေတစ်ဦးဦးဖြစ်စေ၊ အထူးကိုယ်စားလှယ် လွှဲစာရရှိသူက ဒက္ခိဏခရိုင်တရားရုံးကို လာရောက်ပြီး ချေပလွှာ တင်ရမှာဖြစ်ပါတယ်။

တဘက်က တရားပြိုင်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပေမယ့် တာဝန်ရှိသူနေရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦး ကို အမည်တပ်ပြီး ကိုအောင်ကြီးတို့ဘက်က တရားစွဲဆိုထားတာပါ။

ဒီအမှုဟာ ဥပဒေကို စမ်းသပ်တဲ့ သဘောဖြစ်ပြီး တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ အရ "တရားမနစ်နာမှုနဲ့" စွဲဆိုတာဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အချိန်နဲ့ ပြန်လွတ်မြောက်လာတဲ့ အချိန်အတွင်း ထိခိုက်နစ်နာခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကို ပြန်ပြီးတရားစွဲတာလို့ ဒီနေ့ ပထမဆုံးအကြိမ် တရားရုံးကို ရောက်လာတဲ့ ကိုအောင်ကြီးက ပြောပါတယ်။

“ဂုဏ်သိက္ခာ အတွက်ပေါ့ ကျတော်ရဲ့ အရှက်တရား အကုန်လုံးရဲ့ ဘယ်လိုပြောရမလဲ ကျနော့်ရဲ့ သိက္ခာ၊ ကျနော့် မိသားစု၊ ဘ၀ အကုန်လုံးပေါ့နော် ၊ အကုန်လုံးကို ခြုံပြီးတော့ ပြန်တရားစွဲတာပဲဖြစ်ပါတယ်။ အများကြီးပဲပေါ့၊ အများကြီးပဲဆိုတာ ဒီအမှုမဖြစ်ခင်ကနဲ့ ဖြစ်ပြီးနောက်ပိုင်းမှာကျတော့ နေရ၊ ထိုင်ရ၊ သွားရ၊ လာရ အကုန်လုံးတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်မူဖြစ်သွားတာပေါ့၊ အဲလိုမျိုး အများကြီးပါပဲ၊ ပြောမယ်ဆိုရင် တစ်ခုချင်း လိုက်ပြောမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ဘူး၊ အကုန်လုံးခြုံပြောမယ်ဆိုရင် ထိခိုက်နစ်နာမူ အများကြီး ကြုံခဲ့ရပါတယ်”

နေပြည်တော်က Wisdom Hill မူကြိုကျောင်းက သက်ငယ်မုဒိမ်းမှုမှာ ကိုအောင်ကြီးဟာ ခြောက်လကျော် မှားယွင်းဖမ်းဆီးခံရပြီး သက်သေထွက်ချက် မခိုင်လုံတဲ့အတွက် အမှုကနေ တရားရှင်ပြန်လွှတ်လာတာ ဒီကနေ့ တစ်နှစ်တိတိပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။

ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အစိုးရ အဖွဲ့အစည်းတစ်ခုကဖြစ်စေ၊ အစိုးရ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အမှားပြုလုပ်ခဲ့ရင် နစ်နာမှုအတွက် ကုစားမှုပြန်ရစေဖို့ တရားပြန်စွဲတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမ နစ်နာမှုနဲ့ ကိုအောင်ကြီးက တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က တယ်လီဖုန်း မက်ဆေ့ချ်ပေးပို့ မေးမြန်းခဲ့ရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး " မှတ်ချက်ပြုဖို့ မရှိပါ" လို့သာ တုံ့ပြန်ခဲ့ပါတယ်။

ကုမ္ပဏီတစ်ခုခုကိုဖြစ်စေ၊ အစိုးရအဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ တရားစွဲဆိုတာတွေ အရင်ကရှိပေမယ့် ရဲတပ်ဖွဲ့လို အစိုးရလက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို သာမန်အရပ်သားတစ်ဦးက တရားပြန်စွဲတာဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံံးအကြိမ်ဖြစ်ပါတယ်။

ဒီအမှုကို နမူနာယူပြီး ဥပဒေနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေကို ရဲတပ်ဖွဲ့ ဆောင်ရွက်လာရင် နစ်နာတဲ့ နိုင်ငံသားတွေဘက်က ရဲရဲဝင့်ဝင့် တိုင်ကြားတာတွေ ရှိလာနိုင်တယ်လို့ ဥပဒေပိုင်းဆိုင်ရာ အကြံပေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။

“ကိုအောင်ကြီး တကယ်နစ်နာခဲ့ရင် အဲဒီနစ်နာမှုအပေါ်မှာ ဥပဒေနဲ့ ညီညွတ်တဲ့ သက်သာခွင့်တွေ၊ ကုစားခွင့်တွေ ခံစားခွင့်တွေ ရသင့်တယ်ဟေ့ ဆိုရင်တော့ တစ်ဖက်က နိုင်ငံသားတွေ အနေနဲ့လည်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရဲရဲဝင့်ဝင့်တိုင်ကြားတာတွေ ရဲရဲဝင့်ဝင့် ဒီလိုမျိုး အမှုတွေ စွဲဆိုတာတွေ ပေါ်ပေါက်လာနိုင်တယ်၊ တစ်ဖက်ကလည်းပဲ ရဲတပ်ဖွဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သတ်လို့ ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီ ကိုအောင်ကြီး အမှုကတော့ ကျတော်တို့က စိတ်ဝင်တစား စောင့်ကြည့်ပြီးတော့မှ ဒီအပေါ်မှာ တရားစီရင်ရေးက တကယ့်ကို မှန်မှန်ကန်ကန် မျှမျှတတ စီရင်ဆောင်ရွက်နိုင်မယ်ဟေ့ ဆိုရင်တော့ ဒါဝမ်းမြောက်ဖွယ် အမှုအခင်းတစ်ခုပေါ့ ကြိုဆိုအပ်တဲ့ အမှုအခင်းတစ်ခုလို့ မြင်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)-နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ အခန်း ပုဒ်မ (၃၄၇) မှာ “နိုင်ငံတော်၏ မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။” လို့ ဖော်ပြထားပါတယ်။

ပုဒ်မ (၃၅၃) မှာလည်း “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး၊ အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။” လို့ ဖော်ပြထားပါတယ်။

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ်ဟာ ၂၀၁၉ ခုနှစ် မေလက လိင်အကြမ်းဖက်ခံရမှုဖြစ်ပွားခဲ့ပြီး ကလေးရဲ့ မိခင်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese