တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားမယ်လို့ NLD ထုတ်ပြန်

13-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်မှာ ဖြစ်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီက ကြေညာထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားပါတီ ၄၈ ပါတီကို လိပ်မူပြီး မနေ့က ရက်စွဲနဲ့  စာပေးပို့ခဲ့တာပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပါတီထံ တရားဝင်အီးမေလ်း၊ ဖုန်းကနေတဆင့် ထုတ်ပြန်စာနဲ့ ပတ်သက်လို့ အသိပေး ပြောဆိုတာမရှိသေးကြောင်းနဲ့ NLD ပါတီရဲ့ ဆောင်ရွက်မှုတွေကို စောင့်ကြည့်ရဦးမယ့် အခြေအနေသာ ရှိသေးကြောင်း ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတချို့ ကျေနပ်ဖွယ် ရလဒ်တွေရရှိခဲ့ပေမယ့် တချို့ကတော့ ရည်မှန်းချက်အတိုင်း မဖြစ်လာခဲ့ဘူးလို့ NLD ရဲ့ စာမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် ၃၂၂ ကို ကျော်လွန်အောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေက ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒနဲ့ ဝန်ကြီးချုပ် ခန့်အပ်ပြီး ပြည်နယ်အစိုးရဖွဲ့နိုင်ရေးကို လိုလားနေကြတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ NLD က  ဝန်ကြီးချုပ် ၁၄ ဦး ခန့်အပ်ရာမှာ NLD အမတ်တွေထဲကပဲ ရွေးချယ်ခဲ့ပါတယ်။

Crd RFA