အမေရိကန်တရားရေးဌာနက ဖေ့စ်ဘွတ်ကို တရားစွဲ

05-Dec-2020

ဆန်ဖရန်စစ္စကို ဒီဇင်ဘာ ၄

အမေရိကန်နိုင်ငံသားများထက် ရွှေ့ပြောင်းလုပ်သားများကို ဦးစားပေး အလုပ် ခန့်အပ်ခဲ့မှုကြောင့် အမေရိကန်တရားရေးဌာနက နည်းပညာအင်အားကြီးကုမ္ပဏီ ဖေ့စ်ဘွတ်ကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။

အလုပ်အကိုင်နေရာ၂၆၀၀ ကျော်တွင် အရည်အသွေးပြည့်မီသည့် အမေရိကန် နိုင်ငံသားများကို လျစ်လျူရှုကာ ရွှေ့ပြောင်းကျွမ်းကျင်လုပ်သားများကို ခန့်အပ် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နည်းပညာကုမ္ပဏီ များအနေဖြင့် နိုင်ငံရပ်ခြားရှိ ကျွမ်းကျင်လုပ်သားများကို ယာယီဗီဇာအမျိုးအစား H-1B ဖြင့် ခေါ်ယူနိုင်ခွင့်ကို အသုံးချကာ နိုင်ငံသား လုပ်သားများ၏ အခွင့်အရေး ကို လျစ်လျူရှုခဲ့ခြင်းက တရားစွဲဆိုရသည့် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ် ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ဆိုသည်။ အမေရိကန်နိုင်ငံသား များရရှိမည့် အခွင့်အရေးကို ယာယီအလုပ်ဗီဇာဖြင့် လာရောက်သူလုပ်သားများကို ပေးအပ်နေခြင်းက အမေရိကန်နိုင်ငံ၏ ပြည်သူ့အခွင့်အရေးဥပဒေကို ချိုးဖောက် ရာရောက်သည်။

ဖေ့စ်ဘွတ်၏ လုပ်သားငှားရမ်းဆောင်ရွက်ချက်များကို နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုပြုပြီးနောက် တရားရေးဌာနက တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အခွင့်အရေးဌာနမှ လက်ထောက်ရှေ့နေချုပ်ဖြစ်သူ အဲရစ်ဒရီဘန် က “ ကျွန်တော်တို့ဘက်က အမေရိကန်လုပ်သားတွေကို ပေးနိုင်တဲ့ သတင်း စကားကတော့ ရှင်းရှင်းလေးပါပဲ။ ကုမ္ပဏီတစ်ခုအနေနဲ့ နိုင်ငံသားလုပ်သားတွေရဲ့ အခွင့်အရေးကို ငြင်းပယ်ပြီး ယာယီနေထိုင်ခွင့် ဗီဇာထုတ်ပေးခြင်းကို အခွင့် အရေးတစ်ရပ်အနေနဲ့ အသုံးချပြီး နိုင်ငံခြားလုပ်သားတွေကို နိုင်ငံထဲ ခေါ်သွင်း ပြီး အလုပ်ခန့်အပ်တယ်ဆိုတာက တရားမဝင်လုပ်ရပ်လို့ ပြောနိုင်ပါတယ်။ အမေရိကန်နိုင်ငံသားလုပ်သားတွေကိုကျော်ပြီး ပြည်ပနိုင်ငံသားတွေကို အလုပ် ခန့်အပ်လို့မရပါဘူး” ဟု ပြောကြားခဲ့သည်။

သမ္မတ ထရမ့် အစိုးရလက်ထက် လေးနှစ်တာကာလအတွင်း အမေရိကန် နိုင်ငံသား ဦးစားပေးမူဝါဒနှင့် စည်းမျဉ်းများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါ ဥပဒေနှင့်မူဝါဒများမှာ ဘိုင်ဒင်လက်ထက်တွင်လည်း အလွယ်တကူ ပြန်ပြောင်း နိုင်ဖွယ်မရှိကြောင်း မူဝါဒလေ့လာသုံးသပ်သူများက သုံးသပ်သည်။

သို့ရာတွင် ဖေ့စ်ဘွတ်ဘက်ကမူ ၎င်းတို့အနေဖြင့် နိုင်ငံသား လုပ်သား ခေါ်ယူခွင့်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ဥပဒေကိုချိုးဖောက် ခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

ကိုးကား- ဘီဘီစီ၊ ဘာသာပြန်- မေလဲ့သင်း