တောင်ကြီးမြို့တွင် ကွာရန်တင်းဝင်နေသည့် အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံရ

01-Dec-2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် Quarantine Center မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၂၉ ရက်၊ ညပိုင်းက အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ညပေါ့။ အမျိုးသမီးတစ်ဦး ကွာရန်တင်းဝင်နေတာ အမျိုးသားတစ်ဦးက ဓားထောက်ပြီး အမျိုးသမီးကို နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်၊ ပြုကျင့်ခံရတဲ့ အမျိုးသမီးကို အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ပို့ဆောင်ပေးခဲ့တယ်”လို့  ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Quarantine Center ဖွင့်လှစ်ထားတဲ့ တောင်ကြီးတက္ကသိုလ်ရှိ နန်းဝတီ အမျိုးသမီးအဆောင်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦး ဘုရားဝတ်ပြုနေချိန်မှာ အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ထောက်ပြီး အဓမ္မပြုကျင့်သွားတာလို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ မှန်ပါတယ်။ အခုစစ်ဆေးနေဆဲလို့ သိရပါတယ်”လို့ ဒေသခံ ကိုဗစ်စေတနာ့ဝန်ထမ်း ဦးဝင်းနိုင်စိုးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို သိရှိဖို့ တောင်ကြီးမြို့ မြို့မရဲစခန်းတာဝန်ရှိသူထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပါ။

သတင်း- ခွန်ရာဇာ

DVB News