Pompeii မြို့ မီးတောင်ပြာတွေအောက်က နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိ ကြွင်းကျန်ရုပ်အလောင်း ၂ ခုတွေ့

23-Nov-2020

အီတလီနိုင်ငံ Pompeii ရှေးဟောင်းမြို့မှာ AD ၇၉ ခုနှစ်တုန်းက မီးတောင်ပေါက်ကွဲပြီး တမြို့လုံး ချော်ရည်ဖုံးလွှမ်းခဲ့တဲ့ ဖြစ်ရပ်မှာ လူတွေ အကြီးအကျယ် သေဆုံးခဲ့ရတဲ့အထဲက အမျိုးသား ၂ ဦးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှေးဟောင်းသုတေသန ပညာရှင်တွေ မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီတလီ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။

သူတို့ ၂ ဦးရဲ့ ကျောက်ဖြစ်ရုပ်လုံးကြွ အလောင်းကို Pompeii မြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၇၀၀ လောက်မှာရှိတဲ့ Civita Giuliana ဒေသက မြေအောက်ခန်းတခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Pompeii မြို့ ရှေးဟောင်းသုတေသနဌာနရဲ့ ဒါရိုက်တာ Massimo Osanna က ပြောပါတယ်။

“မီးတောင်ပေါက်ကွဲ လွင့်စင်လာတဲ့ ချော်ရည်တွေက Pompeii မြို့တွင်းကို ဝင်လာပြီး လူအားလုံးသေစေခဲ့တဲ့ မြို့ရဲ့အမြင့်ပိုင်းနေရာကို ချော်ရည် ဖုံးလွှမ်းချိန်မှာ ဒီ လူ ၂ ဦးက ဘေးဒုက္ခကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ဟန် ရှိတယ်” လို့ Osanna က ပြောပါတယ်။

အမျိုးသားတဦးက အသက် ၃၀ နဲ့ ၄၀ ကြားအရွယ် အထက်တန်းလွှာလို့ ယူဆရပြီး လည်ပင်းမှာ သိုးမွေးခြုံလွှာကို ဝတ်ဆင်ထားတာကို ခြေရာခံနိုင်ခဲ့ပါတယ်။ အသက် ၁၈ နဲ့ ၂၃ နှစ်ကြားအရွယ် နောက် လူငယ်အမျိုးသားတဦးကတော့ သင်တိုင်းအင်္ကျီကို ဝတ်ဆင်ထားပြီး ကျောရိုးဆစ်တချို့ ကြေမွနေတာကြောင့် အလုပ်ကြမ်းတွေလုပ်ရတဲ့ အခိုင်းအစေတဦး ဖြစ်ပုံရတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ သူတို့ရုပ်အလောင်းတွေမှာ သွားနဲ့ အရိုးတွေ မပျက်စီးသေးဘဲ တွေ့ရှိခဲ့ရပါတယ်။

Pompeii မြို့ပျက်ကြီးဟာ အီတလီအရှေ့တောင်ပိုင်း Naples မြို့ကနေ ၁၄ မိုင်လောက်အကွာမှာ ရှိပြီး မီးတောင်ပေါက်ကွဲ ချော်ရည်ဖုံးခဲ့ချိန်တုန်းက လူဦးရေ ၁၃,၀၀၀ လောက် နေထိုင်ခဲ့တဲ့မြို့ဖြစ်ပြီး ၁၆ ရာစုအထိ လူမသိသူမသိ ဖြစ်နေခဲ့ရာက ၁၇၅၀ ခုနှစ်လောက်မှာ ပြန်လည်တူးဖော်ရေးလုပ်ငန်းတွေ စခဲ့တာပါ။

Crd VOA News