တိုက်ပွဲကြောင့် ထိခိုက်သေဆုံးသူတွေအတွက် ထောက်ပံ့နေတယ်လို့ ရခိုင်လုံနယ်ဝန်ကြီး ပြော

16-Nov-2020

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးနေရာမှာ သေဆုံးသူတစ်ဦးကို ကျပ်သုံးသိန်းနှုန်း၊ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ၂ သိန်းနှုန်း  ပြည်နယ်အစိုးရက ထောက်ပံ့ကူညီနေတယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောလိုက်ပါတယ်။

ဒီနေ့ (နိုဝင်ဘာ ၁၆ ရက်နေ့မှာ) ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်အမှတ် ၂ ကိုယ်စားလှယ် ဦးအောင်သန်းတင်က ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်သူတွေကို ပြည်နယ်အစိုးရက ဘယ်လိုကူညီဆောင်ရွက်နေလဲ ဆိုတာကို မေးမြန်းရာမှာ ဗိုလ်မှူးကြီး မင်းသန်းက ပြန်လည် ပြောဆိုသွားတာ ဖြစ်ပါတယ်။

သေဆုံး ထိခိုက်မှု  အရေအတွက်ကို လုံနယ်ဝန်ကြီးက  ပြောဆိုမသွားဘူးလို့ မေးခွန်းမေးမြန်းခဲ့တဲ့ ဦးအောင်သန်းတင်က ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေအပြင် စစ်ဘေးဒုက္ခသည်စခန်းတွေကို ရောက်ရှိနေသူတွေကိုလည်း ပြည်နယ်အစိုးရက ထောက်ပံံ့တယ်လို့ ဖြေဆိုသွားတာဟာ အောက်ခြေမှာ ဖြစ်ပျက်နေတာနဲ့ ကိုက်ညီမှုမရှိဘူး ဆိုပြီး ထပ်ဆင့်မေးမြန်းရာမှာလည်း ပြည်သူတွေကို ပိုပြီးကူညီသွားမယ်လို့ ဗိုလ်မှူးကြီး မင်းသန်းက ဒီနေ့ ကတိပေးသွားတယ်လို့ ဦးအောင်သန်းတင်က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရက ပိုပြီးကူညီတာ ရှိ၊ မရှိ ဆက်လက် စောင့်ကြည်သွားမယ်လို့ ဦးအောင်သန်းတင်က ဆိုပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ နိုဝင်ဘာလ ၁၄ ရက်နေ့ အထိ စစ်ရေးကာလအတွင်း သေဆုံးသူ ၃၀၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၉၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

Crd RFA