ဖေ့စ်ဘွတ်ပို့စ် ၁၀၀၀ တွင် တစ်ခုမှာ အမုန်းစကား အကြောင်းအရာဖြစ်ကြောင်း မက်ဇူကာဘက် ဝန်ခံ

21-Nov-2020

ဆန်ဖရန်စစ္စကို နိုဝင်ဘာ ၂၀

၂၀၂၀ပြည့်နှစ် တတိယသုံးလတာကာလအတွင်း ဖေ့စ်ဘွတ်ပေါ်တွင် တင်ထားသည့်အကြောင်းအရာ တစ်သောင်းတွင် ၁၀ ခု၊ ၁၁ ခုမှာ

အမုန်းစကားပို့စ်များဖြစ်ခဲ့ကြောင်း ဖေ့စ်ဘွတ်အမှုဆောင်ချုပ် မက်ဇူကာဘက်က ယမန်နေ့တွင် ဝန်ခံပြောကြားခဲ့သည်။

မတ် ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အတွင်း အမေရိကန်တစ်နိုင်ငံတည်း မှာပင် ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်ပို့စ်ပေါင်း ၂၆၅၀၀၀ အား ရွေးကောက်ပွဲဆိုင်ရာ ဖေ့စ်ဘွတ်မှချမှတ်ထားသည့် မူဝါဒနှင့် မကိုက် ညီသဖြင့် ဖျက်ပစ်ခဲ့ရကြောင်း ဖေ့စ်ဘွတ်၏ လုံခြုံရေးနှင့် မှန်ကန်မှုပိုင်း စစ်ဆေးရေးအကြီးအကဲ ဂိုင်းရိုဆန်က ပြောကြားခဲ့သည်။ တတိယ သုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဖေ့စ်ဘွတ်မှပို့စ် ၂၂ ဒသမ ၁ သန်းကို ဖယ်ရှားပစ်ခဲ့ရသလို ဒုတိယသုံးလပတ်အတွင်းကလည်း ပို့စ် ပေါင်း ၂၂ ဒသမ ၅ သန်းအထိ ဖယ်ရှားပစ်ခဲ့ရကြောင်း သိရသည်။ ကုမ္ပဏီက အရေးယူမှု ပြုလုပ်ရာတွင် အဆိုပါ အမုန်းစကားပို့စ်များကို ဖယ်ရှားပစ်ခြင်း၊ သတိပေးချက်ဖော်ပြခြင်း၊ အမုန်းစကားပို့စ်တင်ခဲ့သည့် စာမျက်နှာများကို အသုံးပြု၍ မရအောင် လုပ်ဆောင်မှုများဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်၏ ဓာတ်ပုံမျှဝေရာ အင်စတာဂရမ် တွင်လည်း တတိယသုံးလတာကာလအတွင်းမှာပင် အမုန်းစကားပို့စ် ၆ ဒသမ ၅ သန်းကို ဖယ်ရှားခဲ့ရသည်။

ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေသည့် အမုန်းစကားအကြောင်းအရာများကို ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့်နွေရာသီအတွင်း ပြင်ပလူမှုအဖွဲ့ အစည်းများက ဖေ့စ်ဘွတ်ပေါ်တွင် ကြော်ငြာများ ထည့်သွင်းခြင်း မပြုလုပ်ရေး လှုပ်ရှားမှုဖြင့် သပိတ်မှောက်ခဲ့ကြပြီးဖြစ်သည်။

ဖေ့စ်ဘွတ်သည် ၎င်းတို့၏ အမုန်းစကားအကြောင်းအရာပိုင်း မူဝါဒများကို ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ကတိပြုခဲ့သလို ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး တင်ခဲ့သည့် ပို့စ်များတွင် သတင်းအမှားများစွာပါဝင်ခြင်းက ဖေ့စ်ဘွတ်၏ အကြောင်း အရာသုံးသပ်ရေးအဖွဲ့အတွက် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း တာဝန် ရှိသူများက ဆိုသည်။

ကိုးကား- စီအင်န်အေ၊ ဘာသာပြန်-မေလဲ့သင်း