နှင်းမုန်တိုင်းကြောင့် ဂျပန်မှာ ကားအစီး ၁၃၀ ဆင့်ကဲတိုက်ခဲ့

20-Jan-2021

ဂျပန်နိုင်ငံ မြောက်ပိုင်းက အဝေးပြေး လမ်းမကြီးပေါ်မှာ နှင်းမုန်တိုင်းကြီး တစ်ခုကြောင့် ကားအစီးရေ ၁၃၀ ဆင့်ကဲ တိုက်မိခဲ့ရာမှာ လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

အင်္ဂါနေ့ နေ့လယ်ပိုင်းက နှင်းမုန်တိုင်းကြောင့် တိုဟိုကူ အမြန်လမ်းမကြီးတလျှောက် နှင်းတွေ ဖုံးလွှမ်းသွား ခဲ့ပါတယ်။

ကားတွေ ဆင့်ကဲ တိုက်မိခဲ့မှုအတွင်း လူ ၂၀၀ လောက် ပိတ်မိနေကြပြီး အခင်းဖြစ်ရာ နေရာကို ကယ်ဆယ်ရေးသမားတွေ လောလောဆယ် ရောက်နေကြပြီလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံက နေရာတချို့မှာ လတ်တလော သီတင်းပတ်တွေအတွင်း ဆိုးရွားတဲ့ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေပြီး ပုံမှန်ထက် ၂ ဆလောက် ဆီးနှင်းတွေ ပိုကျခဲ့ပါတယ်။

ဆီးနှင်းတွေ ဖုံးပြီး သဲသဲကွဲကွဲ မမြင်ရတဲ့အတွက် အဲဒီလမ်းမှာ အမြန်နှုန်း ၃၁ မိုင်ထက် ပိုမမောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်တုန်းက လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်း ရှိနေခဲ့တယ်လို့ ဒေသန္တရ မိုးလေဝသဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ကားတိုက်မှု ဖြစ်ခဲ့ရာနေရာမှာ ပိတ်မိနေသူတွေကို သောက်ရေသန့်တွေ၊ အစားအစာတွေ ပေးထားပြီး ခြုံစောင်တွေလည်း ထောက်ပံ့ပေးထားတယ်လို့ NHK သတင်းဌာနရဲ့သတင်းအရ သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ အမြန်ရထားလိုင်းကွန်ရက် တချို့လည်း နှင်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ပြီး တိုဟိုဂူ ဒေသက ရထားခရီးစဉ် အတော်များများကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

အဲဒီမှာ လာမယ့် ၂၄ နာရီအတွင်း ဆီးနှင်း ၁၅ လက်မ အထူလောက်အထိ စံချိန်တင် ကျဖို့ ရှိတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

BBC Burmese

မဟာဗန္ဓုလတံတားအဆင်း Ocean Super Center ရှေ့၌ ယာဉ်ကိုးစီးဆင့်တိုက်မှုဖြစ်ပွား