SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား

04-Dec-2020

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့က SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းဟာ ဒီကနေ့ မနက်ပိုင်းက မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာခံခဲ့ရတယ်လို့ မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး က ဘီဘီစီကိုပြောပါတယ်။

' ' ဦးကျော်ဝင်းကို လူ၂ယောက်က ချုပ်ပြီး ကားပေါ်တင်သွားတာလို့ မျက်မြင်တွေက ပြောတယ်။ ဦးကျော်ဝင်းနဲ့အတူ သူ့အသိတစ်ယောက်လည်းပါတယ်။ သူ့ကိုတော့ ထားခဲ့ပြီး ဦးကျော်ဝင်းကိုပဲ ခေါ်သွားတာ။ မိသားစုနဲ့လည်း အခုထိ အဆက်အသွယ် မရသေးဘူးလို့ သိရတယ်။ ''လို့ ဦးလှမိုးဦးက ပြောပြပါတယ်။

ဦးကျော်ဝင်းကို ဖမ်းဆီးသွားသူတွေဟာ မျက်နှာကို mask နဲ့ဖုံးအုပ်ထားပြီး ဘယ်အဖွဲ့ က ဆိုတာမိသားစုကိုဆက်သွယ်လာတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်TNLA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေး တိမ်း ရှောင်ရတာတွေလည်းရှိခဲ့ပါတယ်။

' '  အရင်ကတော့ မြို့အနီးမှာ တိုက်ပွဲဖြစ်တာ ဒီလိုလုပ်တာတွေတော့မကြားခဲ့ရဘူး။ အခုလို မြို့လယ်ခေါင် မှာ ဖမ်းဆီးတာ ဘာညာရှိလာတော့ မြို့ခံတွေကတော့ ထိတ်လန့်တာပေါ့။ နဂိုကမှ ကပ်ကြောင့် စီးပွားတွေက မကောင်း။ လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်တာတို့ဘာတို့ကတော့ ကြားတော့ကြားရတယ်။ ဒါပေမယ့် တိုးတိုး တိတ်တိတ်ပဲ အတောင်းခံရတဲ့သူတွေကလည်း ကြောက်တော့ထုတ်မပြောရဲကြဘူး။ ''လို့ မိုးကုတ်မြို့နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းကတော့ တအာင်းလွတ်မြောက်ရေးတပ်မတော်TNLA ဘက်က မိုးကုတ်မြို့က လုပ်ငန်းရှင်အချို့ကို ရန်ပုံငွေပေးသွင်းဖို့ဆိုပြီး ကောက်ခံတာတွေ ရှိခဲ့ဖူးပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် အခွန်ကောက်ခံ တာဖြစ်တယ်လို့ ဘီဘီစီကိုဖြေကြားခဲ့ဖူးပါတယ်။

အခု ဦးကျော်ဝင်းကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကုတ်မြို့ခံအချို့က TNLA ဘက်ကခေါ်ဆောင် သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတာတွေရှိနေတဲ့အပေါ် TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဘီဘီစီကဆက်သွယ် အတည် ပြုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးတာကြောင့် အတည် မပြုနိုင်သေးပါဘူး။

#ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ - SP Bakery (SPမုန့်တိုက်ရဲ့ဆိုင်ဖွင့်ပွဲမှာ တွေ့မြင်ရတဲ့ ဦးကျော်ဝင်း )

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။