အငြင်းပွားစရာဖြစ်နေတဲ့ မြန်မာနယ်စပ်က တရုတ်ရဲ့ ခြံစည်းရိုး

22-Dec-2020

ဝေယံမိုးမြင့်၊ ဖြူဖြူခိုင်

■ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား နယ်စပ်နေရာတချို့မှာ နှစ်နိုင်ငံအစိုးရ သဘောတူညီမှု မရယူဘဲ တရုတ်ဘက်က ခြံစည်းရိုး ခတ်နေပါတယ်။ တချို့နေရာတွေမှာ သတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းကိုကျော်ပြီး တရုတ်ဘက်က ခြံစည်းရိုးခတ်နေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်ဒေသ အာဏာပိုင်တွေက တရုတ်အာဏာပိုင်တွေကို ကန့်ကွက်တာ၊ ညှိနှိုင်းတာတွေလုပ်နေပါတယ်။ မြန်မာ အာဏာပိုင်တွေကတော့ ဒီခြံစည်းရိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့ ယာယီသဘောမျိုး လုပ်ဆောင်တာပဲ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ကုန်းကြမ်းနဲ့ ချင်းရွှေဟော် မြို့နယ်တွေတလျှောက် တရုတ်မြန်မာ နယ်စပ်စည်းမှာ တရုတ်ဘက်က စက်တင်ဘာလ လောက်ကစပြီး ခြံစည်းရိုးခတ်နေတာပါ။

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ခြံစည်းရိုးကာတာဖြစ်ပြီး ရောဂါကာကွယ် ထိန်းချုပ်နိုင်ပြီ ဆိုရင် ဒီခြံစည်းရိုးကို ပြန်ဖျက်သွားမယ်လို့ တရုတ်ဘက်က ပြောကြောင်း လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးငွေဒိုး က RFA ကို ပြောပါတယ်။

"ကျနော်နဲ့တွေ့တဲ့အချိန် ပြည်ပဆက်ဆံရေးဌာနမှူးက ခင်ဗျားတို့ ဘာလို့ကာတာလဲလို့ ကျနော်မေးတော့ ကိုဗစ်နိုင်တင်းရောဂါ ပြင်းထန်နေလို့ တရားမဝင် လူဝင်လူထွက် မရှိအောင် ကာတာပါတဲ့၊ ရောဂါကင်းစင်သွားရင် ပြန်ဖြုတ်ပေးပါ့မယ် ပြောတယ်။ ဖျက်လို့ရတာမျိုး သံတိုင်နဲ့ ယာယီ ဘလိတ်ဓါး သွပ်ဆူးကြိုးအဝိုင်းတွေ၊ ကင်မရာက ကျနော်တို့သွားတဲ့ နေရာမှာတော့ မရှိဘူး။ တချို့နေရာမှာတော့ တစ်လုံးတစ်လေ တပ်ထားတာရှိတယ်လို့ ပြောတယ်။ လျှပ်စစ်ဓာတ် လွှတ်ထားတာတော့ အခုလောလောဆယ် မရှိသေးဘူးဗျ"

နှစ်နိုင်ငံနယ်နိမိတ်မှာ နိုဝင်ဘာ လကုန်လောက်က တစ်ကြိမ်၊ ဒီဇင်ဘာလဆန်းလောက်မှာ တစ်ကြိမ် တရုတ်နိုင်ငံဘက်က ခြံစည်းရိုး ခတ်နေတာကို လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးပြီး ကန့်ကွက်တာတွေ ညှိနှိုင်းတာတွေ ရှိခဲ့ပါတယ်။

လောက်ကိုင်မြို့နယ်ဟာ တရုတ်နယ်နိမိတ်နဲ့ ၃၉ မိုင် ထိစပ်နေတာဖြစ်တယ်။ အဲဒီထဲက နယ်စပ်စည်းတလျှောက်လုံးကို ကာတာမျိုး မဟုတ်ဘဲ လူဝင်လူထွက်များတဲ့ နေရာတွေကိုသာ အဓိကထားပြီးကာတာ တွေ့ရတယ်လို့ ဦးငွေဒိုးက ပြောပါတယ်။

၁၉၆၁ ခုနှစ် နှစ်နိုင်ငံနယ်နိမိတ်စာချုပ်အရ နယ်စပ်စည်းရဲ့ တစ်ဖက်တစ်ချက် ၁၀ မီတာပေါ်မှာ အဆောက်အအုံ၊ အတပ်အဆင်ပစ္စည်းတွေ ဆောက်လုပ်ခြင်းမပြုရလို့ ပါရှိပါတယ်။

နယ်နိမိတ်ကျောက်တိုင် BP 125 မှာ ကာရံနေတဲ့ ခြံစည်းရိုးတွေဟာ နယ်စပ်စည်းရဲ့ ၁၀ မီတာအတွင်းမှာ ရှိနေတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်နေ့မှာ သွားရောက် ကန့်ကွက်ထားပြီး BP 131 မှာတော့ နယ်စပ်မျဉ်း ဧရိယာထဲ မရောက်ဘဲ တရုတ်ဘက်အခြမ်းမှာ ကာနေတာ ဖြစ်လို့ ကန့်ကွက်လို့မရဘူးလို့ ဆိုပါတယ်။

စာချုပ်အရ ယာယီသဘောဆိုရင် လက်ခံလို့ရပေမယ့် စာချုပ်နဲ့မညီတာတွေကိုတော့ ကန့်ကွက်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်နှင့် ဥပဒေရေးရာဦးစီးဌာန၊ နယ်နိမိတ်ဌာန ညွှန်ကြားရေးမှုး ဦးသိန်းမင်းထွန်းက RFA ကိုပြောပါတယ်။

"ယာယီဆိုစာချုပ်မှာ ပါဝင်တယ်ဆိုလို့ရတယ်။ Permanent ဆိုရင်တော့ လက်ခံလို့မရပါဘူး။ စာချုပ်နဲ့ ငြိတာတွေ ကန့်ကွက်ပြောဆို ထားပါတယ်။ နယ်နိမိတ် တလျှောက်လုံး မဟုတ်ပါဘူး။ နယ်နိမိတ်က အရှည်ကြီးဆိုတော့ အားလုံးသူတို့ခတ်ဖို့ မရှိပါဘူး သူတို့ခတ်လိုတဲ့ နေရာကို ပြောထားတာရှိပါတယ်။ တချို့ဟာတွေကတော့ ၁၀ မီတာ အပြင်ဘက်၊ အဲဒါက စာချုပ်နဲ့ ငြိစွန်းတာမရှိပါဘူး။ ၁၀ မီတာအတွင်း ရှိနေတာတွေကိုလည်း ကန့်ကွက်ပြောထားတာ ရှိပါတယ်"

စာချုပ်အရ ၁၀ မီတာအတွင်း ငြိစွန်းနေတဲ့ ရှစ်နေရာကိုတော့ မြန်မာအစိုးရဘက်က ကန့်ကွက်ပြောဆိုထားလို့ တရုတ်ဘက်က နောက်ဆုတ်ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။ မြန်မာဘက်က ကန့်ကွက်ထားတဲ့ ရှစ်နေရာက ဘယ်နေရာတွေလဲ ဆိုတာကိုတော့ အတိအကျမပြောပါဘူး။

ဒီလိုခြံစည်းရိုးခတ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကြာခင်မှာ နှစ်နိုင်ငံ ညှိနှိုင်းသွားဖို့ရှိတယ်လို့လည်း ဦးသိန်းမင်းထွန်းက ပြောပါတယ်။ ဘယ်တော့ ညှိနှိုင်းမယ် ဆိုတာကိုတော့ မပြောပါဘူး။

RFA တရုတ်ဌာနရဲ့ ရေးသားချက်အရ ဒီခြံစည်းရိုးဟာ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကို ဟန့်တားနိုင်ဖို့ အဓိက ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း ယူဆချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတွေကတော့ "ဒီတံတိုင်းတည်ဆောက်တာဟာ တရုတ်ပြည်တွင်း ဝင်ရောက်နေတဲ့ ကိုဗစ်ရောဂါ ကိုကာကွယ်ဖို့အတွက် မဟုတ်ရုံတင်မက ညတွင်းချင်း အကောင်အထည်ဖော်ခဲ့တာလည်း မဟုတ်ဘဲ သေသေချာချာ ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့တာဖြစ်ကြောင်း RFA တရုတ်ဌာနကို ပြောထားပါတယ်။

ဒီခြံစည်းရိုးကာရံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာ သတင်းနဲ့မီဒီယာဌာနကို ဆက်သွယ်ဖို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီဌာနက ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ဒီဌာနကို အီးမေးလ်ကတဆင့် မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရှိသူ ဦးစိုးညွန့်လွင်နဲ့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့ကို မေးမြန်းဖို့ ကြိုးစားရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

 ပြည်တွင်းအခြေစိုက်လေ့လာသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တာသာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

"အဲဒီနေရာတွေမှာ တရားဝင်ဂိတ်ပေါက်ကလွဲပြီး ခိုးဝင်နိုင်တဲ့နေရာတွေအမျာကြီးပဲ၊ ဥပမာ မူဆယ်ဘက်ဆိုရင် ဟိုဘက်ရွာတွေကနေ တရုတ်ပြည်ဘက်ကိုသွားချင်ရင် လယ်ကွင်းဖြတ်ရတာ လမ်းလည်းရှိတယ် လမ်းအတိုင်းမသွားချင်ရင် လယ်ကွင်းဖြတ်သွားလို့ ရတယ်။ အိမ်တွေကလည်း နီးနီးကပ်ကပ်ပဲဆိုတော့ ဒီဘက်က ကိုဗစ်နိုင်တင်းက ထိန်းမနိုင် သိမ်းမရဆိုတော့ ကြောက်တာပေါ့ ။ သူတို့နိုင်ငံက ကိုဗစ်နိုင်တင်း စဖြစ်တဲ့နိုင်ငံဆိုတော့ ကြောက်တာပေါ့။ ထိုင်းတောင် မြန်မာပြည်က ခိုးဝင်တွေကို အသည်းအသန် လိုက်ဖမ်းနေတယ် မဟုတ်လား။ အဲလိုမျိုးတွေ မဖြစ်အောင် သူတို့က လုပ်ရတာပေါ့"

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ပြောသွားတာပါ။

၂၀၁၈ ခုနှစ်ကစပြီး တရုတ်မြန်မာနယ်စပ်မျဉ်း အငြင်းပွားမှုတွေ မကြာခဏဆိုသလို ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကလည်း ချင်းရွှေဟော်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ဘက်တွေမှာ အငြင်းပွားခဲ့ကြပါတယ်။

တရုတ်မြန်မာဆက်ဆံရေးကို လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် သန္ဓိအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးခိုင်ဝင်း ကလည်း… ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ ဒီလိုခြံစည်းရိုးခတ်တာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

"လောက်ကိုင်ဘက်ကို ရောက်ဖူးတဲ့အခါကျတော့ အဲဘက်မှာ နေ့စဉ်နဲ့အမျှ ကူးလူးနေကြတာ ကာစီနို လောင်းကစားဝိုင်းတွေကို တရုတ်ဘက်ကပဲ လာပြီး ကစားကြတာ အဲတော့ ကိုဗစ်ကို ထိန်းချုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ သူတို့ဘက်ကပဲ ကူးပြီး လာကြတာလေ"

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဒီခြံစည်းရိုးတွေ ကာရံတာဖြစ်ပါစေ အစိုးရကို ကြိုတင်အသိပေးပြီး ဆောင်ရွက်သင့်တယ်လို့ လောက်ကိုင်မြို့ အခြေစိုက် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင်က ထောက်ပြပါတယ်။

"ကိုးကန့်ဒေသတင်မကဘူး အခြားဒေသတွေမှာလည်း ဘက်စုံကာနေတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ဆိုတာ ပြောလို့မရဘူး။ ခြံစည်းရိုးကို နှစ်နိုင်ငံသဘောတူညီချက်နဲ့ သဘောတူစာချုပ်အတိုင်း ကာရင် ပြောစရာမရှိပါဘူး။ သူ့ဘာသာသူ ဘာရည်ရွယ်ချက်နဲ့ ဖြစ်ဖြစ်ပေါ့"

တရုတ်နဲ့ မြန်မာနှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်မျဉ်းဟာ မိုင်ပေါင်း ၁၃၅၀ နီးပါး ရှည်လျားပြီး နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ကို ၁၉၆၀ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ် သဘောတူစာချုပ်အရ ငါးနှစ်တစ်ကြိမ် နယ်နိမိတ် ပူးတွဲစစ်ဆေးရမှာ ဖြစ်ပေမဲ့ ၁၉၉၅ ကနေ စတင်ပြီး ၂၄ နှစ်တိုင်တိုင် မစစ်ဆေးနိုင်ခဲ့ပါဘူး။

၂၀၁၈ - ၂၀၁၉ ခုနှစ်တွေအတွင်း နယ်မြေအငြင်းပွားတာတွေ ဖြစ်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ်မှာ နှစ်နိုင်ငံနယ်နိမိတ် ပူးတွဲစစ်ဆေးမှုတွေ ပြန်လည်စတင်ခဲ့ကြပါတယ်။

RFA