ဆွာချောင်းရေလှောင်တမံမှ နွေစပါးစိုက်ဧက ၉၀၀၀ ကျော် ရေပေးဝေသွားမည်

06-Nov-2020

ရေတာရှည် နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာ အုပ်စု ကျွန်းပင်ဆိပ်ကျေးရွာအနီးရှိ ဆွာချောင်းရေလှောင်တမံမှ ၂၀၂၀-၂၀၂၁ နွေစပါးရာသီတွင် ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ စိုက်ပျိုး ဧက ၉၀၀၀ ကျော်ကို ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ ရေပေးဝေရန်လျာထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလင်းက ပြောကြားသည်။ နိုဝင်ဘာ ၄ ရက်အထိ ရေအမှတ်၃၀၆ ဒသမ၆ပေ၊ ရေသိုလှောင်ထားသည့်ပမာဏ ၇၂၆၇၄ ဧကပေရှိပြီး ဆွာတူးမြောင်းမကြီး လက်တံမြောင်း အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၆)၊ အမှတ် (၇) တို့မှတစ်ဆင့် သိုင်းဝ၊ ကွင်းကြီး၊ ဇလုပ်ကြီး၊ သပြေတန်း၊ ညောင်ပင်သာ၊ ပိတောက်ခင်၊ ပေါက်ချောင်း၊ ခင်တန်ကြီး၊ ကြံသနွယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စုများအတွင်းရှိ ဧကပေါင်း ၉၀၀၀ ကျော် နွေစပါးစိုက်ပျိုးနိုင်ကြမည်ဖြစ်သည်။

ဆွာချောင်းရေလှောင်တမံအား ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု အထောက်အကူပြုစီမံကိန်း(ADSP)ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)