ပျော်ဘွယ် ရွေးကောက်ပွဲဖြစ်စဥ်ကို ပြန်လည်စုံစမ်းပေးဖို့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေတောင်းဆို

19-Nov-2020

မဲရလဒ် တရားမျှတမှု မရှိဘူးဆိုပြီး ပျော်ဘွယ်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေရဲ့ ရှင်းလင်းပွဲ နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အချက် ၈ ချက်နဲ့ ထောက်ပြ ရှင်းလင်းသွားခဲ့ပါတယ်။

အဲ့ဒီ အချက် ၈ ချက်ထဲမှာ အသက်မပြည့်ဘဲ မဲ‌‌ပေးတာ၊ လူတစ်ဦးထဲက မဲနှစ်ကြိမ်ပေးခဲ့တာ၊ အ‌ယောင်ဆောင်မဲပေးတာ ၊လူစားမဲပေးတာ၊ ခြိမ်းခြောက်မဲပေးတာ၊ မဲလက်မှတ် အပို ဖြစ်နေတာတွေကို စုံစမ်းဖော်ထုတ်ပြီး ဗီဒီယို သက်သေတွေနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ပျော်ဘွယ်မြို့က ရွေးကောက်ပွဲ မဲရလဒ်တွေဟာ တရားမျှတမှုမရှိဘဲ ပြည်သူတွေ မျှော်လင့်တာနဲ့ ပြောင်းပြန် ရလဒ်ထွက်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကြောင့် သက်ကြီးရွယ်အိုတွေ ရဟန်းသံဃာတွေ ကိုယ်စိတ်နှလုံး ညှိုးနွမ်းနေကြပြီး အချို့ အိပ်ရာထဲမှာ လဲနေကြသူတွေ ရှိတယ်လို့လည်း ဦးသောင်းအေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျော်ဘွယ်မြို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အောက်ခြေ အမှားအယွင်းတချို့ ရှိနိုင်ပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို အပြောင်းအလဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။

ပျော်ဘွယ်မြို့မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးနိုင်သူ တစ်သိန်း ခုနှစ်သောင်းကျော်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက တိုင်းဒေသကြီး အမှတ်( ၁) နဲ့ (၂) ပြည်သူ့လွှတ်တော် အပါအဝင် အမျိုးသားလွှတ်တော် အတွက် နေရာတွေမှာပါ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးဟာ ပြည်သူ့လွှတ်တော် နေရာက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ဒေါက်တာဝင်းမောင်က မဲကိုးသောင်းကျော် နဲ့ အနိုင်ရခဲ့ပြီး ဦးသောင်းအေးက ခုနစ်သောင်းကျော် ရခဲ့ပါတယ်။

ဒါ့အပြင် ကျန် တိုင်းဒေသကြီး (၁) ၊ (၂ )နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကပဲ အနိုင်ရခဲ့ပါတယ်။

‌အခုလို ရွေးကောက်ပွဲဆိုင်ရာ မတရားမှု အထောက်အထားတွေကို တင်ပြရတာဟာ ဘယ်သူက ဘယ်သူ့ကို အနိုင်ရချင်လို့ ဘယ်သူ့ ဘယ်သူကို အပြစ်ရစေချင်လို့ကြောင့် လုပ်တာမဟုတ်ဘဲ တရားမျှတမှု ရရှိချင်လို့ တင်ပြတာ ဖြစ်ပါတယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ပျော်ဘွယ်မြို့က‌ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို ရွေးကောက်ပွဲကော်မရှင်ကိုရော ရဲတပ်ဖွဲ့ကိုပါ တင်ပြ သွားမယ်လို့ ‌ပျော်ဘွယ်မြို့ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ အဖွဲ့စည်းတစ်ခု ဖွဲ့စည်းပြီး ပျော်ဘွယ် ရွေးကောက်ပွဲဖြစ်စဥ်ကို ပြန်လည်စုံစမ်းပေးဖို့ကိုပါ သူတို့က တောင်းဆိုခဲ့ပါတယ်။

"အသက်မပြည့်သူ မဲပေးတယ် ဆိုတာက မဲစာရင်းမှာ ပါကတည်းက အသက်ပြည့်လို့ ပါတာပါ။ နှစ်ခါမဲပေးတယ် ဆိုတာကလည်း ရဲအရေးပိုင်တော့ သိသာထင်ရှားတဲ့ ဟာလေးတွေကို ရဲစခန်းမှာ အမှုဖွင့်ထားတာလေးတွေ ရှိတယ်။ဒီလို လွဲမှားတာလေးတွေကို ပြန်စိစစ်ရင်တောင်မှ မဲရလဒ်ကို မမီနိုင်ဘူးလို့ထင်တယ်လို့" ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီဟာ ၂၀၂၀ရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံကြောင်း ရန်ကုန်နဲ့မန္တလေး တို့မှာ သတင်းစာရှင်းပွဲတွေလုပ်ခဲ့ပြီး နေပြည်တော်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်ရုံး အနီးမှာ လူတချို့ လာရောက် ဆန္ဒပြတာတွေရှိခဲ့ ပါတယ်။

ကြံ့ခိုင်ဖွံဖြိုးရေးပါတီဟာ ၂၀၁၅ တုန်းက အနိုင်ရခဲ့တဲ့ ပျော်ဘွယ်နဲ့ မိထ္ထီလာ အပါအဝင် မဲဆန္ဒနယ်တချို့ကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ လက်မခံကြောင်း တရားဝင် ပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုရေးပါတီဟာ ပြည်သူ့လွှတ်တော်မှာ ၂၆ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၇နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ ၃၈ နေရာ နဲ့ စုစုပေါင်း ၇၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။

Crd BBC News