ပုဏ္ဏားကျွန်းမှာ လယ်စောင့်သူကို သတ်ပြီး နွားတွေခိုးယူသွား

06-Jan-2021

ရခိုင်ပြည်နယ် မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာမှာ ဇန်နဝါရီ ၅ ရက် ညက လူသတ်ပြီး နွားခိုးမှု ဖြစ်ပွားခဲ့တယ်လို့ မိသားစုတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အတည်ပြုပြောဆိုပါတယ်။

အသတ်ခံလိုက်ရသူ ဟာ လယ်ပိုင်ရှင် ဦးထွန်းသိန်း အသက် ၅၂ နှစ်ဖြစ်ပြီး ပျောက်ဆုံးနေသူမှာလည်း လယ်နီးချင်း လယ်ပိုင်ရှင် ဦးအောင်နိုင် အသက် ၃၆ နှစ် တို့ဖြစ်ကြပါတယ်။

အဲ့ဒီလူတွေဟာ တလင်းပြင်မှာရှိတဲ့ စပါးတွေနဲ့ နွားတွေကို စောင့်အိပ်နေကြတဲ့ ကျော်ဇံကျေးရွာသား လယ်နီးချင်းတွေဖြစ်ပြီး သူတို့ဆီက နွား ၁၅ ကောင် ပျောက်ဆုံးသွားတယ်လို့ မိသားစုတွေ ဆီက သိရပါတယ်။

အဲ့ဒီလယ်တဲနှစ်ခုဟာ ပေ တစ်ရာလောက်ပဲကွာဝေးတယ်လို့ မိသားစုတွေကပြောပါတယ်။

"သူတို့နှစ်ယောက်က လယ်ထဲမှာ တလင်းသိမ်းနေကြတာပါ။ စပါးတွေ နွားတွေလည်းရှိတော့ စောင့်အိပ်နေကြတာပေါ့။ ဘယ်အချိန်ဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မခန့်မှန်းနိုင်ဘူး။ ဦးထွန်းသိန်းရဲ့သားက အလုပ်လုပ်ဖို့တလင်းကို သွားတယ်။ အဖေရဲ့အလောင်းကိုတွေ့တော့ အောင်နိုင်တဲကိုသွားကြည့်တဲ့အခါ သူလည်းမရှိ၊ ခြံထဲမှာချည်ထားတဲ့နွားတွေ လည်းမရှိတော့ဘူး"လို့ သေဆုံးသူရဲ့ ယောက်ဖ ဦးလှစိန်ထွန်းက ပြောပါတယ်။

သေဆုံးသူ ဦးထွန်းသိန်းရဲ့အလောင်းမှာတော့ ဦးခေါင်း၊ မျက်နှာ၊ နားရွက်၊ ရင်ဘတ်စတဲ့နေရာတွေမှာ တုတ်တွေနဲ့ရိုက်နှက် ထားတဲ့ ဒဏ်ရာတွေအများအပြားတွေ့ရတယ်လို့ မိသားစုတွေကပြောပါတယ်။

ပျောက်ဆုံးနေသူကို ရွာသားတွေလိုက်လံရှာဖွေနေကြရာမှာတော့ လယ်တဲနဲ့ပေ တစ်ထောင်လောက် အကွာမှာရှိတဲ့ ပုဏ္ဏားကျွန်း တန်းခိုးရွာ ကားလမ်းပေါ်မှာ ဦးအောင်နိုင်ကိုင်ဆောင်တဲ့ဓာတ်မီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

မှောင်ခိုသမားတွေဟာ အခုလိုမျိုး ကျွဲ၊ နွားတွေကိုအုပ်လိုက်ခိုးယူပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရောင်းချလေ့ ရှိကြပါတယ်။ အဲ့ဒီနွားခိုးသားတွေက တလင်းသိမ်းနေတဲ့လယ်တဲတွေမှာ ချည်ထားတဲ့နွားတွေကို လာခိုးရာမှာ ပိုင်ရှင် ဦးထွန်းသိန်းကိုသတ်ဖြတ်ပြီး ဦးအောင်နိုင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲ့ဒီကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့ရဲ့တောင်ဘက် ငါးမိုင်ခန့်အကွာ တန်းခိုးကျေးရွာရဲ့ တစ်ဖက်တစ်ကမ်းမှာ ရှိတဲ့ကျေးရွာ တစ်ရွာဖြစ်ကာ ယခင်က အဲ့ဒီနေရာမှာ အခုလိုဖြစ်စဉ်မျိုးမဖြစ်ဖူးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ကို အကြောင်းကြားထားတယ်လို့ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးခင်ထွန်းက ပြောပါတယ်။

"ဦးထွန်းသိန်းရဲ့အလောင်းမှာ ဒဏ်ရာတွေတော်တော်များများတွေ့ရတယ်။ တုတ်နဲ့ရိုက်သတ်တာလို့ထင်တယ်။ ပျောက်နေတဲ့ နောက်တစ်ယောက်ကိုတော့ ကုန်းကြောင်းရော ရေကြောင်းကပါ ကျွန်တော်တို့ရှာဖွေနေကြတယ်။ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပထမဆုံးအကြိမ်ပါ"လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းက ပြောပါတယ်။

အရင်က နွားခိုးခံရတာတွေရှိခဲ့ပေမယ့် အခုလိုမျိုး လူတွေကိုသတ်ဖြတ်တာတွေမရှိကြောင်းနဲ့ အခုလိုလူတွေကိုပါ သတ်ဖြတ်လာတာက ဒေသခံလယ်သမားတွေအတွက် စိုးရိမ်ကြောက်လန့်ရတဲ့အနေအထားဖြစ်လာနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်ကလည်း ကျော်ဇံကျေးရွာနဲ့တစ်ဖက်ကမ်းမှာရှိတဲ့ တန်းခိုးကျေးရွာမှာ အခုလိုမျိုး နွားခိုးသားတွေရောက်ရှိလာခဲ့ပြီး လယ်တဲကနွားတွေကို တက်ခိုးစဉ် ပိုင်ရှင်တွေနဲ့တွေ့ပြီး ထွက်ပြေးသွားခဲ့ကြတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တော်တော်များများမှာ စက်လှေကြီးတွေနဲ့ လာရောက်ပြီး ကျွဲနွားတွေကို တစ်ခြံလုံးခိုးယူမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိကာ အဲ့ဒီကျွဲနွားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရေကြောင်းကနေတစ်ဆင့် တင်ပို့ရောင်းချလေ့ရှိ ကြတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုင်ကြားခဲ့ကြပေမယ့် အဲ့ဒီမှောင်ခိုသမားတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

BBC Burmese