ဆိုလာပါဝါစီမံကိန်း တရုတ်ကုမ္ပဏီများသာ တင်ဒါအောင်မည့် အခြေအနေရှိ

19-Sep-2020

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြည်တွင်းပြည်ပကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးမည့် နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆိုလာပါဝါ စီမံကိန်းတင်ဒါများကို တရုတ်ကုမ္ပဏီများကသာ တင်ဒါ အောင်မြင်ရန် အခြေအနေ ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်း အရ လျှပ်စစ်ဓာတ်အားခကို ဈေးနှုန်း အနည်းဆုံးဖြင့် ပြန်လည် ရောင်းချပေးမည့် ကုမ္ပဏီများကို အရင်ဦးစားပေး ရွေးချယ်မည်ဖြစ်ရာ နေရောင်ခြည် စွမ်းအင်သုံး တင်ဒါ ဈေးနှုန်းအဆိုပြုချက်လေလံတွင် တရုတ်ကုမ္ပဏီများသည် ထိပ်ဆုံးက ရွေးချယ်ခံထား ရသည်။

ဝန်ကြီးဌာနက တင်ဒါခေါ်ယူခဲ့သည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတင်ဒါ ၃၀ ခု တွင် တရုတ်ကုမ္ပဏီများက ၂၈ ခု အထိ ရွေးချယ်ထားခံရပြီး၊ ကျန် စီမံကိန်း ၂ ခု အနက် ၁ ခု မှာ တင်ဒါ အစီအစဉ် ပျက်သွားကာ၊ ၁ခုမှာ ဂျာမန်ကုမ္ပဏီအား ရွေးချယ်ထားခြင်း ကြောင်းသိရသည်။

တင်ဒါယှဉ်ပြိုင်သည့် တရုတ်ကုမ္ပဏီများထဲတွင် Sungrow Power Supply ကုမ္ပဏီက စီမံကိန်း ၉ ခု၊ China Machinery Engineering Corporation ကုမ္ပဏီက ၈ ခု၊ Consortium of SPIC Yunnan International Power Investment ကုမ္ပဏီ ပါဝင်သော ဖက်စက်ကုမ္ပဏီများက ၄ ခု နှင့် ပြည်တွင်းရွှေတောင်ကုမ္ပဏီ နှင့် တရုတ် ကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်မည့် ဖက်စပ်ကုမ္ပဏီများက စီမံကိန်း ၃ ခုအထိ အများဆုံး ရရှိ ထားကြသည်။

ထိုစီမံကိန်းများကို ဝန်ကြီးဌာနက လာမည့် ၂၀၂၀-၂၁ နွေရာသီတွင် လိုအပ်လာနိုင်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဆိုလာပါဝါ တင်ဒါစိစစ်ရေးအဖွဲ့ဝင်သော အကြီးတန်းအရာရှိတဦးက ဆိုလာ ပါဝါစီမံကိန်းများ အတွက် တရုတ်ကုမ္ပဏီများကိုသာ ဦးစားပေး ရွေးချယ်ခြင်းမဟုတ်ဘဲ တင်ဒါစည်းမျဉ်းအရ ဈေးနှုန်း အနည်း ဆုံးဖြစ်သော သူကိုသာ ဦးစားပေးခြင်းဖြစ်ကြောင်း၊ ထိုစီမံကိန်းများသည် ကုမ္ပဏီများကသာ အပြည့်အဝ ရင်းနှီး မြှုပ်နှံရမည်ဖြစ်ပြီး ထွက်ရှိလာသည့် ဓာတ်အားကို အစိုးရက ဝယ်ယူမည်ဖြစ်ခြင်းကြောင့် အကြောင်းတစုံတခု ဖြစ်ပေါ်လာခဲ့ရင် ကုမ္ပဏီများဘက်ကသာ ဆုံးရှုံးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “စီမံကိန်းတခုချင်းကို ဈေးနှုန်းအလိုက် အဆင့်ဆင့် သတ်မှတ်ထားပြီး ကုမ္ပဏီတွေကိုရွေးထားတယ်။ အနည်းဆုံးကနေ အများဆုံးပေါ့။ အခု ပထမအဆင့် ကုမ္ပဏီတွေနဲ့ PPA (Power Purchase Agreement) ဆက်ဆွေးနွေးမယ်။ အဆင်မပြေဘူးဆိုရင် ဒုတိယအဆင့်က ကုမ္ပဏီနဲ့ ထပ်ဆွေးနွေးသွားမယ်” ဟု ဆိုသည်။

အဆိုပါ ဆိုလာပါဝါစီမံကိန်း ၁ ခုစီအတွက် တင်ဒါအောင်ကုမ္ပဏီသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရမည်ဖြစ်သလို တင်ဒါအောင်မြင်ပြီး ၆ လအတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုစီမံကိန်းများကို ဝန်ကြီးဌာနက လာမည့် ၂၀၂၀-၂၁ နွေရာသီတွင် လိုအပ်လာနိုင်မည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုလို နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် တစိတ်တပိုင်းမှ ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းများကို ဈေးနှုန်းအနည်းအများထက် ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးပြီး အမှန်တကယ် လုပ်ဆောင်နိုင်မည့် ကုမ္ပဏီများကိုသာ ဦးစားရွေးချယ်ပေးသင့်ကြောင်း ဆိုလာတင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီတခု၏ ဒါရိုက်တာ တဦးက မှတ်ချက်ပြုသည်။

၎င်းက “ သူတို့ပေးတဲ့ ဈေးက တော်တော်ကို နည်းပါတယ်။ တကယ့် အဆင့်မီ အရည်အသွေးရှိတဲ့ ပစ္စည်း တွေနဲ့ ထုတ်မယ်ဆိုရင် သူတို့ဈေးနဲ့က ဘယ်လိုမှ မကိုက်နိုင်ဘူး။ နောက်တခုက အခုက တင်ဒါတော့ ရသွား ပါရဲ့ တကယ်ထုတ်တဲ့ အချိန်ကျမှ မလုပ်နိုင်မကိုင်နိုင် ဖြစ်မှာတော့ စိုးရိမ်စရာရှိတယ် ” ဟု ပြောသည်။

ဆိုလာပါဝါစီမံကိန်းတခုသည် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ထိုစီမံကိန်း အားလုံးမှ ၁၀၆၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်မှန်းထားကာ ဧရာဝတီတိုင်း တွင် ၄ ခု၊ ပဲခူးတိုင်းတွင် ၇ ခု၊ မကွေး တိုင်းတွင် ၆ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု၊ နေပြည်တော် တွင် ၃ ခု နှင့် ရန်ကုန်တိုင်းတွင် ၁ ခု တည်ဆောက်သွားမည် ဖြစ်သည်။

ထို ဆိုလာပါဝါ စီမံကိန်းတင်ဒါအတွက် ကုမ္ပဏီပေါင်း ၅၂ ခုက စီမံကိန်း အဆိုပြုလျှောက်လွှာပေါင်း ၁၅၅ ခု အထိရှိခဲ့ပြီး တရုတ် ကုမ္ပဏီများက အများစု ပါဝင်ကာ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း အိန္ဒိယ ကုမ္ပဏီများ နှင့် အနောက်နိုင်ငံများနှင့် ပြည်တွင်းကုမ္ပဏီများ ဖက်စပ် ပူးပေါင်း လုပ်ဆောင်ကြမည့် ကုမ္ပဏီများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိ စွမ်းအင် ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ ဓာတ်ငွေ့သုံးလျှပ်စစ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သည့် ၉ ရာခိုင်နှုန်းမှာ နေရောင်ခြည်နှင့် ကျောက်မီးသွေးမှ ၁ ရာခိုင်နှုန်း ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ရာ ယခင်ကတည်းက ပုံမှန်ထုတ်လုပ်နေသော စီမံကိန်းများသည် ၃၀၀၀ မဂ္ဂါဝပ်သာရှိနေခြင်းကြောင့် ရေတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် LNG to Power ၅နှစ် စီမံကိန်းများနှင့် နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပါဝါ စီမံကိန်းများကို အကောင်အထည်ဖော်လာခြင်း လည်း ဖြစ်သည်။

လတ်တလော၌ နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

credit - ဧရာဝတီ