NLD (LA) ဥက္ကဋ္ဌဟောင်း ဦးတင်အောင် ဈာပန ကျင်းပပြီးစီး

12-Dec-2020

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) ဥက္ကဌဟောင်း ဦးတင်အောင်ကို ဒီဇင်ဘာ ၁၁ ရက်၊ သောကြာနေ့က ဖို့ဒ်ဝိန်းမြို့မှာဘဲ မြေမြုပ်သင်္ဂြ ိုလ်ခဲ့ပါတယ်။

အသက် (၈၀) နှစ် ရှိပြီဖြစ်တဲ့ ဦးတင်အောင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလက ကချင်ပြည်နယ်ရဲ့ ပါတီအောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၁ မှာတော့ ကချင်ပြည်နယ်၊ ဘာဂျောင်ဒေသကို တောခိုသွားခဲ့ပြီး ၁၉၉၂ ခုနှစ်ကစလို့ NLD-LA မြောက်ပိုင်း (ကချင်) ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ကျင်းပတဲ့ ညီလာခံမှာ NLD-LA ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရပြီး ၂၀၀၉ နှစ်မှာ အနားယူတဲ့အထိ ဒီမိုကရေစီရရှိရေးအတွက် တစိုက်မတ်မတ် ကြိုးစား ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးတင်အောင်ဟာ ရှမ်းနီတိုင်းရင်းသားတဦးဖြစ်ပေမယ့်လည်း ရှမ်းနီတိုင်းရင်းသားတွေလိုဘဲ တိုင်းရင်းသားအားလုံးကို ချစ်ခင်သူ၊ လူမျိုးစုံ သွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဘဝတလျှောက်လုံး စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့ပြီးတဲ့နောက် လေဖြတ်ပြီး မလှုပ်ရှားနိုင်ဖြစ်နေရာက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သား ၂ ယောက်၊ သမီးတယောက်နဲ့ မြေး ၅ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

VOA News