ကချင်ပြည်နယ်အစိုးရအဖွဲ့ အမိန့်အမှတ် ( ၅၆ /၂၀၂၀)

11-Sep-2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်နယ်အစိုးရအဖွဲ့

ကချင်ပြည်နယ်

အမိန့်အမှတ် ( ၅၆ /၂၀၂၀)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆုတ် (၉) ရက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၁) ရက်

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်တားဆီးရေးအတွက်

အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ

၁။ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် Coronavirus Disease 2019 (covID-19)ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization - WHO က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ(Pedemic)အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ရောဂါပိုးပျံ့နှံ့လျက် ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း (၁၃-၃-၂၀၂၀)ရက်နေ့တွင် ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးချဲ့ ဖွဲ့စည်းပြီး ရောဂါကြိုတင်ကာကွယ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်သူပေါင်း (၂၂၆၅)ဦး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၄)ဦး ရှိခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ဖြစ်ရာ ကချင်ပြည်နယ်အနေဖြင့်လည်း ရောဂါကူးစက်ခံရသူ (၅)ဦးအထိ ရှိလာသည့် အတွက် covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များနှင့် အများပြည်သူများအနေဖြင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် လိုအပ်ပြီး အောက်ပါအချက်များကို တိကျစွာလိုက်နာရန် ဤအမိန့်ကြေညာချက် ကိုထုတ်ပြန်လိုက်သည်-

(က) ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် တွေ့ဆုံပွဲများ၊ အခမ်းအနားများ၊ အစည်းအဝေးများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ သတ်မှတ်ညွှန်ကြားချက်အတိုင်း Video Conferencing စနစ်ဖြင့်သာ လိုက်နာဆောင်ရွက်ရန်၊

(ခ) ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များ၊ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်၊

(ဂ) Community Based Facility Quarantine အစီအစဉ်အရ ကချင်ပြည်နယ်အတွင်းသို့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများသည် သတ်မှတ်ထားသည့်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်အတိုင်း Quarantine ဝင်ရောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း ခံယူရန်၊ (ဃ) ပြည်သူများအနေဖြင့် နေအိမ်နှင့်အနီးပတ်ဝန်းကျင်များတွင် Coronavirus Disease 2019 (coviD-19)ရောဂါ သံသယရှိသူ တွေ့ရှိလျှင်သော်လည်းကောင်း၊ မိမိကိုယ်တိုင် ကူးစက်ခံရသည်ဟု သံသယရှိလျှင်သော်လည်းကောင်း သက်ဆိုင်ရာ ဌာနတာဝန်ရှိ သူများမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ အသိပေးအကြောင်းကြားပြီး ကြည်ဖြူလိုလားစွာဖြင့် ကျန်းမာရေးစစ်ဆေးမှုကိုခံယူပြီး ပူးပေါင်းဆောင်ရွက်ရန်၊

(င) ပြည်သူများအနေဖြင့် မိမိရပ်ကွက်/ကျေးရွာများသို့ ရခိုင်ပြည်နယ်မှ လာရောက်သူများနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပြန်လာသူ၊ Stay at Home သတ်မှတ်ထားသော တိုင်းဒေသကြီး/ပြည်နယ်မှ ရောက်ရှိလာသူများအား သက်ဆိုင် ရာကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာနသို့ သတင်းပေးပို့ရန်နှင့် ထိမ်ချန်ထားပါကတည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရှိထားရန်၊

(စ) ပြည်သူများအနေဖြင့် အရေးကြီးအကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ လိုအပ်၍ နေအိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက Mask တပ်ဆင်၍ထွက်ခွာရန်၊

(ဆ) ပြည်သူများအနေဖြင့် စားသောက်ဆိုင်များမှ အစားအစာများကို ဝယ်ယူသုံးစွဲလိုပါကဆိုင်အတွင်းထိုင်၍ စားသောက်ခြင်း မပြုလုပ်ရန်နှင့် ပါဆယ်ဝယ်ယူ၍ မိမိနေအိမ်၌သာ စားသောက်ကြရန်နှင့် စားသောက်ဆိုင်ပိုင်ရှင်များမှလည်း အစားအသောက်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးသွားရန်၊

(ဇ) မြို့နယ်များတွင်ဖွင့်လှစ်ထားသည့် စည်ပင်သာယာဈေးများ၊ ကျေးလက်ဈေးများအပါအဝင် ဈေးရောင်းသူ၊ ဈေးဝယ်သူများအနေဖြင့် Mask တပ်ဆင်ပြီးမှ ဈေးရောင်းရန်၊ ဈေးဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ခြောက်ပေအကွာတွင် သတ်မှတ်ရောင်းချသွားရန်၊

(ဈ) မြို့နယ်များတွင် KTV Night Club၊ Bar၊ အပန်းဖြေစခန်း၊ ဖူဆယ်အားကစားကွင်းများ၊ GYM အားကစားခန်းမများ၊ ရုပ်ရှင်ရုံများ၊ သင်တန်းများ ခွင့်ပြုချက်ကာလမရောက်ခင် ပိတ်သိမ်းထားရန်၊

(ည) Coronavirus Disease 2019 (covID-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကြောက်လန့်တကြား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာ များတွင် သတင်းမှားများ ဖြန့်ဝေသူများကို အမြန်ဆုံးဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊

၃။ အထက်ဖော်ပြပါ ထုတ်ပြန်ထားသည့် အမိန့်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ၂၀၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

၄။ ဤအမိန့်ကြေညာချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသ၍ အတည်ဖြစ်သည်။

 

 

ဒေါက်တာခက်အောင်

ဝန်ကြီးချုပ်